ထားဝယ်၊ ဇူလိုင် ၁

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီစခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ဇွန် ၂၇ ရက်နဲ့ ဇွန် ၂၈ ရက်နေ့ ညနေပိုင်းတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ နှစ်ရက်ဆက် အနီးကပ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဖိုးချောက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇဟာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်နဲ့ ကျောက်ကညှာ အခြေစိုက် အမှတ် ၃၀၄ အမြောက်တပ်က စစ်ကောင်စီတပ်သားတွေ ဖြစ်ပြီး ဇွန် ၂၈ ရက် ညပိုင်းကတည်းက ပြန်ထွက်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မောင်မယ်ရှောင်ကျေးရွာဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကို ၄ ကြိမ်မနည်း ကြုံတွေ့ခဲ့ရပြီး ဝင်ရောက်လာတဲ့ အခါတိုင်းမှာ နေအိမ်တွေက အသုံးအဆောင်တွေနဲ့ တန်းဖိုးရှိ ပစ္စည်းတွေကို သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မကြာခဏဆိုသလို စစ်ကြောင်းထိုးဝင်မှုတွေနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် မောင်မယ်ရှောင်ကျေးရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ပါသေတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YPPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.