ထားဝယ်၊ ဇူလိုင် ၂

ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနိန္ဒာဘိဝံသကို စစ်ကောင်စီကပစ်ခတ်သတ် ဖြတ်ခဲ့တဲ့အပေါ် တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက သံဃာတော်တွေလည်း ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

ပြီခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ သံဃာတော် ၁၀ ပါးကျော်ဝန်းကျင်နဲ့ ဝန်းရံပြည်သူအချို့ပါဝင်တဲ့ ကံဆောင်သံဃာသပိတ်ကို ထားဝယ်ခရိုင်အတွင်းက သရက်ချောင်းမြို့နယ်မှာ စီးတန်းလှည့်လည်ခဲ့တာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ထားဝယ်ခရိုင်အတွင်းက ရဟန်းသံဃာတွေ ရှေ့ကနေ လမ်းပေါ်ထွက်လာရင် ပြည်သူတွေအနေနဲ့ နောက်ကနေ ဝန်းရံဖို့လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ သပိတ်ကော်မတီအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဒီရဟန်းသံဃာတွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီးတော့ ကံဆောင်သပိတ်မှောက်ခြင်းမှုကိုပြုကြဖို့ ကြေညာချက်ထုတ်ပြီးတော့ တောင်းဆိုခဲ့တာလည်း ရှိတယ်။ အခုကတော့ ထားဝယ်ခရိုင်အတွင်းမှာ ရှိနေတဲ့ ရဟန်းသံဃာတွေပေါ့ဗျာ။ ဒီပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ခြင်းမှုကိုပြုဖို့ လမ်းပေါ်ထွက်လာကြတဲ့ ဟာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီရဟန်းသံဃာတွေက ရှေ့ကထွက်တယ်ဆိုလို့ရှိရင် ဒီဒကာဒကာမတွေဖြစ်တဲ့ ပြည်သူလူထုတွေက နောက်ကနေ ဝန်းရံဖို့လိုတယ်”လို့ ဆိုပါတယ်။

တဖက်မှာလည်း ထားဝယ်ခရိုင်မှာ ရဟန်းပျိုတွေ ရှားပါးလာသလို ဒကာဒကာမတွေအပေါ် ဩ ဇာညောင်းတဲ့ ဆရာတော်တွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ စိတ်ဆန္ဒမရှိနေတဲ့အပြင် သူတို့နဲ့မဆိုင်သလို အေးအေးလူလူ နေနေတာကြောင့် ရဟန်းသံဃာတော်တွေ အုံလိုက်ကျင်းလိုက် လမ်းပေါ်ထွက်လာဖို့ဆိုတာ ခက်ခဲမယ်လို့ ကိုမင်းလွင်းဦးက သူရဲ့အမြင်ကို ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ပစ်သတ်ခံရပြီး နောက်ပိုင်း အ ခြားဒေသတွေက ရဟန်းသံဃာတွေဟာ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ပြုလုပ်တာကြောင့် ထား ဝယ်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေရှိတဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီတပ်သားတွေက လုံ ခြုံရေးအရ စောင့်ကြည်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ပစ်သတ်ခံရပြီး ငါးရက်မြောက်နေ့ဖြစ်တဲ့ ဇွန် ၂၃ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ စစ် ကိုင်းတိုင်းအတွင်းက ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်နဲ့ မြင်းမူးမြို့နယ်တွေက သံဃာတော်တွေဟာ ကံဆောင်သပိတ်မှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။

ဒါအပြင် မကွေးတိုင်းက မြိုင်နဲ့ ပခုက္ကူမြို့နယ်တွေက သံဃာတော်တွေအပြင် တနင်္သာရီတိုင်း ထား ဝယ်ခရိုင်အတွင်းက သံဃာတွေလည်း ကံဆောင်သပိတ်မှာ ပါဝင်လာခဲ့တာကြောင့် ကံဆောင်သ ပိတ်မှောက်တဲ့ မြို့နယ် ၁၃ ခုအထိ ရှိလာပါတယ်။

အခုလို သံဃာတော်တွေ ကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.