ကျိုက်ထို၊ ဇူလိုင် ၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရေကျော်ကျေးရွာရှိ ဓမ္မဒူတဘုန်းကြီးကျောင်းထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါးပျံလွန်ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ ဓမ္မဒူတဘုန်းကြီးကျောင်း ဆွမ်းချက်အဆောင်ထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကိုရင် ရှင်သုစိတ္တ ထိမှန်ပျံ လွန်ခဲ့ပြီး ဘုန်းကြီးကျောင်း ဝေယျာဝစ္စလုပ်ပေးသူ အသက် ၄၉ နှစ်အရွယ် ဒေါ်သီတာချို ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ခမရ ၂၀၇ တပ်ရင်းနဲ့ ဓမ္မဒူတဘုန်းကြီးကျောင်းဟာ တစ်မိုင်လောက်သာကွာဝေးပြီး စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုမှာ ပစ်မှတ်မရောက်ဘဲ မတော်တဆ ဘုန်းကြီး ကျောင်းထဲ ကျရောက်ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ခမရ ၂၀၇ တပ်ရင်းက စစ်ကောင်စီ အရာရှိတွေနဲ့ ဘုန်းကြီးကျောင်း တာဝန်ရှိသူတွေအကြား အချင်းများမှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့လကစပြီး စစ်ကောင်စီတပ်ရဲ့ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထု တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ကျိုက်ထိုမြို့နယ် အခိုင်ကျေးရွာနဲ့သုံးခွကျေးရွာကြားရှိ ကျောက်ဟတ်ကွင်းထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်မှာ အရပ်သား သုံးဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.