ပြုံယမ်း၊ ဇွန် ၁၈

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ ဇွန် ၁၈ ရက်နေ့မှာ ရောက်ရှိလာပါတယ်။

သမ္မတ ပူတင်ဟာ မြို့တော် ပြုံးယမ်းမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ ရုရှား အရှေ့ဖက်စွန်းရှိ ဗော့စတိုချီနီ အာကာသစင်တာမှာ စက်တင်ဘာလက နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြပေမယ့် ဒါက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း သမ္မတ ပူတင်ရဲ့ ပထမဆုံး ပြုံးယမ်း ခရီးစဉ် ဖြစ်ပါတယ်။

အဲဒီနှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှာကို စိုးရိမ်ကြောင်း အမေရိကန်က ပြောပါတယ်။ သမ္မတ ပူတင်နဲ့ ခေါင်းဆောင် ကင်တို့ဟာ လုံခြုံရေးကိစ္စတွေ အပါအဝင် လက်တွဲဆောင်ရွက်ရေး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြထားပါတယ်။

ဒါဟာ ရုရှားခေါင်းဆောင်ရဲ့ အခင်အမင်မပျက်တဲ့ နိုင်ငံတော်ခရီးစဉ် ဖြစ်တယ်လို့ မြောက်ကိုရီးယားမီဒီယာက ဖော်ပြထားပါတယ်။ ကင်အီဆောင် ရင်ပြင်မှာ စစ်ရေးပြပွဲ တစ်ခုကိုလည်း ကျင်းပခဲ့ပါတယ်။

သမ္မတ ပူတင်ဟာ ဖျော်ဖြေပွဲ တက်ရောက်ပြီးနောက် မြောက်ကိုရီးယားမှာရှိတဲ့ တစ်ခုတည်းသော ရှေးဟောင်း ခရစ်ယာန် ဘုရားကျောင်းသို့ သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတ ပူတင်ဟာ ၂၀၁၉ ခုနှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်အတွင်း တည်းခိုခဲ့တဲ့ ပြုံးယမ်းမြို့ရှိ ကင်ဆူဆန် ဧည့်ရိပ်သာမှာ တည်းခိုမှာဖြစ်ကြောင်း သိရပါတယ်။

ပူတင်နဲ့ အတူ ကာကွယ်ရေးဝန်ကြီးအသစ် အန်ဒရေး ဘီလော်ဆော့ဗ်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့၊ လက်ထောက် ဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်တို့လည်း လိုက်ပါလာကြောင်း သိရပါတယ်။

ယူကရိန်းအား တိုက်ခိုက်ရာမှာ ရုရှားကို မြောက်ကိုရီးယားက အမြဲတမ်းထောက်ခံတဲ့အတွက် သမ္မတ ပူတင်က ချီးကျူးကြောင်း စာကို မြောက်ကိုရီးယားမီဒီယာက အခု ခရီးစဉ်မတိုင်ခင်မှာ ဖော်ပြခဲ့ပါတယ်။

ရုရှားသမ္မတက မြောက်ကိုရီးယားနဲ့ အနောက်တိုင်းက ထိန်းချုပ်မထားတဲ့ ကုန်သွယ်ရေးနဲ့ လုံခြုံရေးစနစ်တွေ တည်ဆောက်မယ်လို့ ကတိပေးထားပါတယ်။

အမေရိကန်ရဲ့ ဖိအားပေးတာ၊ အကြပ်ကိုင်တာနဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကနေ မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.