မော်လမြိုင်၊ ဇွန် ၁၁
မွန်ပြည်နယ်မှာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ ၁၂ တန်းပညာရေး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ၅၉ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ၁၂ တန်းပညာရေး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်ပြည်နယ်လုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦး ရှိခဲ့ပြီး အဲဒီထဲမှာ ၃၄၀၇ ဦး အောင်မြင်ခဲ့တာပါ။
မြို့နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းအရ မော်လမြိုင်မြို့နယ်က ၆၇ ရာခိုင်နှုန်းကျော်နဲ့ အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာတော့ အောင်ချက်ရာခိုင်နှုန်း ၁၆ ရာခိုင်နှုန်းကျော်နဲ့ အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။
ပြည်နယ်အနေနဲ့ ၆ ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၆၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၉၉ ဦးအပါအဝင် ဂုဏ်ထူးထွက်ရှိသူ ၈၄၉ ဦး ရှိတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်ရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ၇၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အောင်ချက်ရာခိုင်နှုန်း ၁၃ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအတိုင်းအတာအရ ၂၀၂၄ ခုနှစ်ရဲ့ ၁၂ တန်းပညာရေး တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောက်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉ ရာခိုင်နှုန်း ရှိတယ်လို့ စစ်ကောင်စီ မြန်မာနိုင်ငံစာစစ်ဌာနရဲ့ အချက်အ လက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ