နမ့်ဆန်၊ ဇွန် ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည်နယ်အတွင်းက မူးယစ်ဆေးဝါးသုံးစွဲနေသူ ၅၀ ဦးကို အ ကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် TNLA က ဇွန် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တအာင်းပြည်နယ် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နဲ့ နမ္မတူစတဲ့ မြို့နယ်တွေမှ မူးယစ်ဆေးဝါးသုံးသူတွေကို PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးပြီး ခြောက်လအကြာ အကျင့်စာ ရိတ္တ ပြုပြင်ရေးစခန်းမှာထားရှိပြီး အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့တာပါ။

မူးယစ်ဆေး သုံးစွဲသူအချို့မှာ မိဘတွေကိုယ်တိုင် လာရောက်အပ်နှံပြီး စာရိတ္တပြုပြင်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိတယ်လို့ TNLA က ဆိုပါတယ်။

အဲ့ဒီလူဦးရေ ၅၀ ထဲမှာ အမျိုးသမီး ၂ ဦးလည်း ပါဝင်ပြီး ပထမအကြိမ် အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းမှာ ပို့ဆောင်ခံရပါက ခြောက်လပြစ်မှုခံရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက သုံးနှစ်အကြာ အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းထံ ပို့ဆောင်ခံရမယ်လို့ TNLA က အသိပေးထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး မတိုင်မီက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နဲ့ နမ္မတူမြို့နယ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ များပြားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

လက်ရှိမှာတော့ တအာင်းပြည်နယ်က PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေမှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်း ငေါ့၊ နမ့်ခမ်းနဲ့ မိုင်းလုံစတဲ့ မြို့ ၇ မြို့ကို သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.