ဘုတ်ပြင်း၊ ဇွန် ၁၂

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စု တောင်ငယ်ကျေးရွာမှာ ဇွန် ၁၁ ရက်နေ့ မနက် ၉ နာရီ အချိန်ခန့်က ခြံရှင်းနေတဲ့ လုပ်သားတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အသက် ၄၆ နှစ်အရွယ် ဦးကျော်သက်နိုင်ဟာ တောင်ငယ်ကျေးရွာအဝင်အဝလမ်းဘေးရှိ ဦးဇော်မင်းသန်းပိုင်ဆိုင်တဲ့ ရော်ဘာခြံမှာ ခြံရှင်းနေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးကျော်သက်နိုင်ဟာ မြက်ရိတ်စက်နဲ့ ခြံရှင်းနေစဉ် မြေမြှုပ်မိုင်းကို မြက်ရိတ်စက်နဲ့သွားရောက်ဖြတ်မိရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးကျော်သက်နိုင်ဟာ ဝဲဘက်ခြေသလုံး ဒူးအောက်ပိုင်းမှာ မိုင်းစဖောက်ဝင်၊ ယာဘက်မျက်ခုံးပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းထိလို့ဒဏ်ရာရသွားတဲ့ ဦးကျော်သက်နိုင်ကို ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ပြည်ကြီးမဏ္ဍိုင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် လေညာကျေးရွာမှာ စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် မိန်းကလေးငယ်တစ်ဦး ခြေထောက်ပြတ်ခဲ့ပါသေးတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ပြီးခဲ့တဲ့မေလထုတ် အစီရင်ခံစာရ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က ဥယျာဉ်ခြံတွေနဲ့ လူသွားလူလာလမ်းတွေမှာ မြေမြှုပ်မိုင်းထောင်မှုတွေ ပိုမိုပြု လုပ်လာကြောင်းနဲ့ မိုင်းထိလို့ လျော်ကြေးတောင်းခံသူတွေကိုလည်း မိုင်းကွင်းဖျက်ဆီးတယ်ဆိုပြီး ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အချက်အလက်တွေအရ စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု အရေအတွက် ၂၅၂ ဦးသာ ရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်အတွင်း ၁၇၂၆ ဦးအထိ ရှစ်ဆနီးပါး တိုးမြှင့်လာတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.