မော်လမြိုင် ၊ ဇွန် ၁၂

စစ်ရေးပဋိပက္ခတိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ ရန်ကြောင့် အခုနှစ် ၅ လကျော်အတွင်း နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသူပေါင်း ၅၆၂,၀၀၀ ကျော်အထိ ရှိနေတယ်လို့ BNI မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ မှတ်တမ်းက ဖော်ပြပါတယ်။

အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင်တွေ ထုတ်ပြန်လေ့ရှိတဲ့ BNI ရဲ့ မှတ်တမ်းတွေအရ အခုနှစ် ဇွန်ပထမပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးကြတဲ့ အရပ်သားပြည်သူပေါင်း ၈၅၀၀ ဝန်းကျင်ရှိပြီး စစ်ရှောင်အရေအတွက်က ပိုမိုတိုးပွားလာတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်တွေထဲမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်းဖြူရွာက အရပ်သားပြည်သူ ၇၀ ကျော် အစု လိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်အတွင်း ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ ထွက် ပြေးခိုလှုံနေကြရတာပါ။

စစ်ကိုင်းတိုင်း မင်းကင်းမြို့ နယ်မှာလည်း ဇွန်ပထမပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျဉ်းကိုင်းရွာ၊ မတော်ရွာနဲ့ အနီးတဝိုက်ကျေးရွာက ဒေသခံပြည်သူ ငါးထောင်ကျော် နေရပ်မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် မေ ၂၅ ရက်နေ့အထိ လပေါင်း ၄၀ အတွင်း နိုင်ငံတဝန်း စစ်ဘေးရှောင်ပြည်သူ သုံးသန်းကျော်အထိရှိလာပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ရှောင်အရေအတွက် အများဆုံးနှစ်ဖြစ်တယ်လို့ BNI ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတော်လှန်စစ်ကနေ ထိုးစစ်အသွင်ပြောင်းလဲခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ဘေးရှောင် အရေအတွက်အများဆုံးဖြစ်နေတာကို ထောက်ရှုကြည့်ရင် စစ်ဘောင်ကျယ်ပြန့်လာတာနဲ့အမျှ ပြည်သူတွေရဲ့ လုံခြုံ‌ရေးနဲ့ အသက်ရှင်သန်‌ရေးဟာ ပိုမိုခြိမ်းခြောက်ခံနေရတာလို့ BNI က ဆိုပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက တိုက်ပွဲပြီးသွားလို့ စစ်ရှောင်တွေ နေရပ်ပြန်ချင်ပေမယ့် စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် မြို့ ထဲရွာထဲ ပြန်မဝင်ရဲတဲ့အတွက် နေရပ်စွန့်ခွာသူ အရေ အတွက် တိုးလာရတာလို့ သုံးသပ်ပါတယ်။

“တကယ်တော့ တိုက်ပွဲပြီးသွားလို့ ကိုယ့်နေရာမှာသွားနေရင် အမှန်ကနေလို့ရမယ့် သဘောမျိုး ရှိရမယ်။ အခုအဲဒီလိုမဟုတ်ဘဲ မထင်ရင်မထင်သလို ရွာတွေမြို့တွေကို အနီးအနားနေရာတွေကို တစ်ဘက် စစ်တပ်မရှိဘဲ အဲဒီလိုပစ်နေတာ။ အဲဒါကြောင့် ရွာထဲမြို့ထဲ ပြန်မဝင်ရဲဘူးပေါ့။ စစ်ဘေးဒုက္ခ သည်တွေက တိုက်ပွဲပြီးရင် ပြန်မယ့်သူတွေများတယ်။ ဒါပေမယ့်မပြန်ရဲလို့ ကိန်းဂဏန်းတွေက ဆက်ဆက်ပြီးပေါ်လာရတာဖြစ်တယ်”လို့ ဆို ပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဖြစ်စဉ်အများစုဟာ ကျေးရွာတွေအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းတွေ ဝင်ရောက်တာ အဝေးကလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထွက် ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း တွေ့ရှိရတယ်လို့ BNI မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ လေ့လာတွေ့ ရှိချက်အရ ထောက်ပြထားပါတယ်။

တစ်ဘက်မှာ စစ်ရှောင်အရေအတွက်တိုးလာတာနဲ့အမျှ နေထိုင်စားသောက်ရေး ကျပ်တည်းလာပြီး စစ်ကောင်စီက ဆက်သွယ်ရေးနဲ့ ရိက္ခာကူညီထောက်ပံ့မှုတွေကို ဖြတ်တောက်ထားတဲ့အတွက် ဒေ သခံစေတနာရှင်တွေရဲ့ ထောက်ပံ့မှုနဲ့သာ ရှင်သန်နေကြရတာပါ။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တွေဖြစ်တဲ့ WFP နဲ့ FAO တို့ရဲ့ ဇွန် ၅ ရက်နေ့က ပူးတွဲထုတ်ပြန်ချက်အရ မြန် မာစစ်ရှောင်အရေအတွက် နေ့စဉ်တိုးလာပေမယ့် အစားအသောက်နဲ့ အကူအညီပေးရေးကိစ္စရပ်တွေ ကန့်သတ်ခံနေရပြီး အခုနှစ်အတွင်း မြန်မာပြည်သူ ၁၃ သန်းကျော်အထိ စားနပ်ရိက္ခာမလုံ လောက်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.