မော်လမြိုင်၊ ဇွန် ၁၁

နိုင်ငံတဝန်းမှာ ခုခံတော်လှန်ထိုးစစ်ဆင်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ပြီးခဲ့တဲ့ မေလတစ်လအတွင်း ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးသုံးဦးအပါအဝင် ရဲနဲ့တပ်သား ၄၅ ဦး ရှိခဲ့တယ်လို့ NUG က ဇွန် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ရင်ခွင်အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေထံ ဆက်သွယ်ခိုလှုံလာကြတာ ဖြစ်ပါတယ်။

အလင်းဝင်သူတွေထဲမှာ အရာရှိအဆင့် ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦးနဲ့ ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်သားနဲ့ရဲ ၄၅ ဦးဟာ အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလင်းဝင်လာသူတွေထဲက လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့သူတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

မေလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ယူဆောင်လာတဲ့ လက် နက်မျိုးစုံ ၂၄ လက်နဲ့ ခဲယမ်းမီးကျောက်တွေလည်း ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့် ကြေညာချက်ဖြင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်တယ်လီဂရမ် @MyanamrPeople နဲ့ နီးစပ်ရာ PDF ၊ ပကဖနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်မှု ကော်မတီထံ အလင်းဝင်လာတဲ့ ရဲနဲစစ်ကောင်စီတပ်သား ၁၄၀၀၀ ကျော်အထိရှိတယ်လို့ NUG က ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.