မောင်တော၊ ဇွန် ၈

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်း ခြောက်ခုကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတချို့ကို AA က ဇွန် ၂ ရက်နေ့ကနေ ဇွန် ၇ ရက်နေ့အထိ တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စ ခန်း၊ မြင်းလွှတ်စခန်း၊ နခခ ၆ နဲ့ နခခ ၉ စခန်းတွေကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာပါ။

ဒ့ါအပြင် စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေဖြစ်တဲ့ နခခ ၄ ၊ မောရဝတီ၊ အလယ်သံကျော်နဲ့ နားခေါင်းတိုစခန်းအပါအဝင် တခြားလက်ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စောစီးစွာလက်နက်ချအညံ့ခံပါက အသက်အန္တရာယ်မှ ကင်းဝေးမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်က အသိပေးထားပါတယ်။

AA အနေနဲ့ ဘူးသီးတောင်မြို့ကို မသိမ်းပိုက်မီ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့ကတည်းက မောင်တောမြို့အတွင်း ဝင်ရောက်နိုင်မယ့် ကုန်းလမ်းတွေနဲ့ လမ်းတံတားတွေကို စစ်ကောင်စီက မိုင်းခွဲဖျက်စီးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ဒေသက မောင်တော၊ သံတွဲနဲ့ အမ်းမြို့နယ်တွေမှာ ဇွန်လပထမအပတ်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တစ်ပတ်တာ တိုက်ပွဲအတွင်း မျက်မြင်နဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ AA က ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့ ၁၀ မြို့ကို သိမ်းပိုက်ရရှိထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်း၊ သံတွဲနဲ့ မောင်တောမြို့တို့အား အပြီး သတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.