မော်စကို ၊ဇွန် ၈

ဥရောပမှာ ကြိုတင် သတိပေးစနစ်မရှိတာကြောင့် အနည်းနဲ့ အများဆိုသလို ခုခံကာကွယ်နိုင်မှု ကင်းမဲ့နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးပြောကြားလိုက်ပါတယ်။

ယူကရိန်းကို ကူညီပေးနေတဲ့ ဥရောပနိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ပြီး အမေရိကန်အနေနဲ့ ဥရောပဆီကို သူတို့ရဲ့ နျူကလီးယား လက်နက်တွေ ရွှေ့ပြောင်းလာခဲ့မယ်ဆိုရင်တောင် ရုရှားမှာ ဥရောပထက် နျူကလီးယားလက်နက် ပိုများနေသေးတယ်လို့ သမ္မတပူတင်က ပြောပါတယ်။

ဒါပေမဲ့ ရုရှားက နျူကလီးယား လက်နက် အသုံးပြု မပြု ဆိုတာနဲ့ ပတ်သက်လို့ အရင်သဘောထားအတိုင်းပဲ မပြောင်းလဲဘဲ ဆက်ရှိပေမယ့် အပြောင်းအလဲလုပ်ဆောင်ဖို့က ချက်ချင်းလက်ငင်းအခြေအနေပေါ်မှာ မူတည်နေတယ်လို့ ပူတင်က ပြောပါတယ်။

ရုရှားသမ္မတရည်ညွှန်း ပြောဆိုသွားတာက နျူကလီးယား လက်နက် အသေးစားတွေဖြစ်ပြီး အဲဒီလက်နက်တွေဟာ ရေဒီယို သတ္တိကြွမှု အများကြီး မဖြစ်ပေါ်စေဘဲ ပစ်မှတ်တွေကို ရှင်းလင်းနိုင်တဲ့ လက်နက်တွေ ဖြစ်ပါတယ်။

ယူကရိန်းက ဆွစ်ဇာလန်မှာငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပရေး စီစဉ်နေပြီး နိုင်ငံပေါင်း ၁၀၀ ကျော် တက်ရောက်ဖို့ စာရင်းပေးထားပြီး ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောကြားထားပါတယ်။
ရုရှားရဲ့ အဓိကမဟာမိတ် တရုတ်က အဲဒီဆွေးနွေးပွဲမှာ ရုရှား ပါဝင်သင့်တယ်လို့ စောဒက တက်ထားပါတယ်။

သမ္မတပူတင်က ယူကရိန်းအနေနဲ့ ရုရှား နယ်မြေတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လက်နက်တွေကို အသုံးပြုမယ်ဆိုရင် အနောက်တိုင်းဒေသက ပစ်မှတ်တွေကို တိုက်ခိုက်မယ့် နိုင်ငံတွေဆီ ရုရှားက လက်နက် ထောက်ပံ့ပေးနိုင်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

မိမိတို့ကို အန္တရာယ်ပေးဖို့ ကြိုးပမ်းတဲ့နိုင်ငံတွေအနေနဲ့ မိမိတို့ကလည်း သူတို့ကို အန္တရာယ်ပေးဖို့ လုံလောက်တဲ့ အင်အားနဲ့ အခွင့်အရေး ရှိနေတာကို အသေအချာ သိထားဖို့လိုအပ်ကြောင်း သမ္မတ ပူတင်က ပြောကြားထားပါတယ်။

ယူကရိန်းစစ်ပွဲမှာ အနိုင်ရရေးအတွက် မိမိတို့အနေနဲ့ နျူကလီးယား လက်နက် အသုံးပြုစရာ မလိုဘူးလို့လည်း ပူတင်က ပြောခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.