စစ်တွေ၊ ဇွန် ၇

ရခိုင်ပြည်နယ် ဗျိုင်းဖြူရွာကို ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ကောင်စီ တပ်တွေ ဝင်ရောက်စီးနင်းပြီး ရွာသား ၅၀ ကျော်ကို သတ်ပစ်ခဲ့တယ်လို့ ရွာသားတွေနဲ့ လက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။

ရွာသားတွေဟာ နှစ်ရက်ခွဲကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး စစ်သားတွေက ရွာသားတွေရဲ့မျက်လုံးကို အဝတ်နဲ့စည်းထားသလို ထုထောင်းရိုက်နှက်ပြီး အသားအရေတွေ လောင်သွားအောင် ဓာတ်ဆီနဲ့ လောင်းချပြီး မီးရှို့တယ်လို့ မျက်မြင်သက်သေတွေက ဘီဘီစီကို ပြောကြားထားပါတယ်။

စစ်သားတွေက သူတို့ရဲ့ ကျင်ငယ်ရည်ကို သောက်ခိုင်းတယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ရည်ခိုက်ရည် အကောင်းဆုံး လက်နက်ကိုင်အဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်တဲ့ ရခိုင့်တပ်တော် AA ရဲ့ထောက်ခံသူတွေကို စစ်သားတွေက ရှာဖွေခဲ့တာလို့ သိရပါတယ်။

အသက် ၁၅ နှစ်နဲ့ ၇၀ နှစ်ကြား လူ ၅၁ ယောက်ကို စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပစ်ခဲ့ကြောင်း NUG က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ AA ကတော့ သတ်ဖြတ်ခံရသူ အရေအတွက်ဟာ ၇၀ ကျော် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

သုံးနှစ်ကျော်ကြာ ပြည်တွင်းစစ်အတွင်း အဆိုးရွားဆုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေထဲက တစ်ခုဖြစ်တဲ့ အဲဒီလူသတ်မှုကြီးကို စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

AA တပ်ဖွဲ့ဝင်တွေ ရွာထဲမှာ ရှိလားလို့ စစ်သားတွေက ရွာသားတွေကို မေးတဲ့အကြောင်း အမျိုးသမီးတစ်ဦးက ပြန်ပြောပြပါတယ်။


ဘယ်လိုပဲ ဖြေဖြေ AA တွေ ရွာထဲမှာ ရှိရှိ၊မရှိရှိ သူတို့ မသိပါဘူးလို့ပဲ ဖြေဖြေ စစ်သားတွေက ရွာသားတွေကို ရိုက်နှက်ကြတယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

သူ့ယောကျ်ားကို စစ်ကားပေါ် တင်ခေါ်သွားတာ သူကိုယ်တိုင် မြင်လိုက်ရတဲ့အကြောင်း၊သူ့သားလေးကို မိဘနှစ်ယောက်စလုံးနဲ့ သီးခြားထားထားတဲ့အကြောင်း၊ ယောကျ်ားနဲ့ သားလေး သေပြီလား အသက်ရှင်နေသေးသလား မသိရသေးတဲ့အကြောင်းလည်း အဲဒီအမျိုးသမီးက ထပ်လောင်းပြောဆိုပါတယ်။

အိမ်ထောင်စု ၁၀၀၀ ကျော်လောက်ရှိတဲ့ ဗျိုင်းဖြူရွာမှာ လူတိုင်းကို အပြင်ထွက်ခိုင်းပြီး နေလှန်းထားသလို အမျိုးသားတွေကို မျက်လုံးတွေ အဝတ်နဲ့ စည်းထားပြီး အချို့ကို စစ်ကားတွေနဲ့ ခေါ်ဆောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်သားတွေ ခေါ်ဆောင်သွားတဲ့ ရွာသားတွေ သေသလား၊ရှင်သလား မသိရဘူးလို့လည်း ရွာသားတွေက ဆိုပါတယ်။

စစ်သားတွေက သူတို့ သတ်ပစ်ထားတဲ့ ရွာသားတွေရဲ့ အလောင်းကို အသက်ရှင်ကျန်တဲ့ ရွာသားတွေကို မြေမြှုပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့ အပြင်ဖက်မှာရှိတဲ့ ဗျိုင်းဖြူရွာကို စစ်သားအင်အား ၁၀၀ ကျော်က ဇွန် ၅ ရက်နေ့မှာ စီးနင်းခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.