လန်ဒန် ၊ ဇွန်၅

လေဘာပါတီ ခေါင်းဆောင် ကီယာ စတာမာက သူ့အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုပါက ဗြိတိန်ကို ကာကွယ်ရေး နျူကလီးယား လက်နက်တွေ အသုံးပြုဖို့ အဆင်သင့် ပြင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

မိမိရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံ့လုံခြုံရေးဟာ အမြဲတမ်း ပထမ ဖြစ်နေမှာဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲနိုင်ရင် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှာ ဖြစ်သလို နျူကလီးယားလက်နက်တိုက်ကို ခေတ်နဲ့အညီ ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တာပါ။

ကွန်ဆာဗေးတစ်ပါတီက ကာကွယ်ရေး ဝန်ကြီး ဂရန့် ရှက်ပ်ကတော့ လေဘာပါတီဟာ မိမိတို့နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်တယ်လို့ ပြောကြားပါတယ်။

သူ့အနေနဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုပါက နျူကလီးယား လက်နက်နဲ့ ပစ်ခတ်ခွင့်ပေးသွားမှာလားဆိုတဲ့ မေးခွန်းကို မစ္စတာ ကီယာက မိမိတို့ အနေနဲ့ နျူကလီးယား လက်နက် အသုံးပြုရေး အဆင်သင့် ရှိနေသင့်တယ်လို့ ဖြေကြားခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ် ရီချီဆွန်နက်ကတော့ သူသာ ထပ်ပြီး ရွေးကောက်ခံရရင် နိုင်ငံရဲ့ အသားတင်တင် ထုတ်ကုန်တန်ဖိုး ၂ ဒဿမ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုရေး ရည်မှန်းချက် ၂၀၃၀ ပြည့်နှစ်မှာ ပြည့်မီစေရမယ်လို့ ကတိပြုထားပါတယ်။

ဗြိတိန်ဟာ စတာလင်ပေါင် ၃၁ ဘီလီယံ ကုန်ကျမယ့် နျူကလီးယား ရေငုပ်သင်္ဘောအသစ် ၄ စီး တည်ဆောက်ရေး စီမံကိန်းကို စတင် အကောင်အထည် ဖော်ထားပြီးဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီက နှစ်ပေါင်းများစွာ ကြီးစိုးထားခဲ့တဲ့ ဗြိတိန်မှာ လေဘာပါတီ အနိုင်ရလာနိုင်ခြေရှိနေပြီး မစ္စတာ ကီယာရဲ့ ပြောဆိုမှု အရ စစ်အင်အားတိုးချဲ့မယ်လို့ ဆိုတာ‌ကြောင့် ရုရှားနဲ့ တင်းမာမှုတွေ အခုထက်ပိုပြီး မြင့်တက်လာနိုင်ပါတယ်။

လေဘာပါတီရဲ့ အရင်က ခေါင်းဆောင် ဂျရမီ ကော်ဘင်ဟာ နျူကလီးယား လက်နက် အသုံးပြုမှုကို ဆန့်ကျင်ခဲ့ပေမယ့် လက်ရှိ ခေါင်းဆောင် ကီယာကတော့ ဗြိတိန်ကာကွယ်ရေး အတွက် နျူကလီးယား တပ်ဖွဲ့တွေ အမြဲအဆင့်သင့်ရှိနေဖို့ လိုတယ်လို့ ပြောပါတယ်။

ပြီးတော့ နိုင်ငံကို ကာကွယ်ဖို့ လိုအပ်လာရင် သူ့အနေနဲ့ နျူကလီးယား လက်နက်တွေ သုံးပြီး တိုက်ခိုက်ခွင့်ပြုသွားမယ်လို့လည်း အရိပ်အမြွက် ပြောကြားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.