နေပြည်တော် ၊ ဇွန် ၅

လက်ရှိအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ကိစ္စဟာ အင်မတန် ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။

ဇွန် ၄ ရက်နေ့က အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရာမှာ အခုလို ထည်သွင်းပြောဆိုခဲ့တာပါ။

အခုရက်ပိုင်းအတွင်း ရခိုင်၊ ကချင်နဲ့ စစ်ကိုင်းတို့မှာ အရပ်သားပြည်သူတွေကို စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တွေက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို လေကြောင်းကနေ နေ့စဉ်ဗုံးကြဲ သတ်ဖြတ်နေမှုတွေဟာ အင်မတန် ယုတ်ညံ့လွန်းတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် AA ရဲ့ ဇွန် ၄ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၆ ဦး သေဆုံးခဲ့ရတာပါ။

ဇွန် ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း မင်းကင်းမြို့ နယ် မတောရွာက မင်္ဂလာဆောင်တစ်ခုမှာ ပွဲကျင်းပနေချိန် စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် သေဆုံးသူ ၂၈ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၅၀ ထက်နည်း ရှိခဲ့ပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် လေးလတာအတွင်း အရပ်သားပြည်သူ ၃၆၀ နီးပါး သေဆုံးခဲ့ရပြီး ရခိုင်က ဗုံးကြဲမှု ၁၈၇ ကြိမ်နဲ့ အများဆုံးဖြစ်ကာ စစ်ကိုင်းမှာတော့ ဖြစ်စဉ် ၁၂၀ နီးပါး ဖြစ်ပွားခဲ့တာပါ။

ယာယီသမ္မတကတော့ စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို မိမိတို့ ပြည်သူတွေဘက်ကနေ အစွမ်းကုန် ခုခံကာကွယ်နေသလို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေဟာ လက်ရှိတည်ဆဲအခြေအနေထက်ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့ကိုလည်း မိမိတို့ အလေးအနက်ထားတိုက်တွန်းဖို့ လိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း တိုင်းရင်းသားဒေသတွေနဲ့ စစ်ကိုင်းတိုင်းမှာ စိုးမိုးနယ်မြေထဲက မြို့ ပေါင်း ၆၀ နီးပါးကို အလုံးစုံလက်လွှတ်ခဲ့ရတဲ့အတွက် ပြည်နယ်တွေဘက်မှာ စစ်အင်အားပြိုလဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.