စစ်တွေ ၊ ဇွန် ၅

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် AA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကို ဦးတည်ကာ လူမျိုးရေးနဲ့ အရပ်သားသေဆုံးမှုတွေကို အခြေခံပြီး စစ်တပ်လော်ဘီတွေက ဝါဒဖြန့်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ BACS ကနေ သိရပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ မှတ်တမ်းတွေအရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီ လော်ဘီတွေက လူမျိုးရေး၊ဘာသာရေးအခြေခံပြီး AA ကို ပြီးခဲ့တဲ့ မေ ၁၈ ကနေ ၂၄ ရက်နေ့အထိ ဝါဒဖြန့်ခဲ့ကြတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ရိုဟင်ဂျာ မူဆလင် ရွာတွေကို AA က မီးရှို့တယ်ဆိုတဲ့တဲ့ ပို့စ် ၂၄ ကြိမ်၊ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်နေတယ်ဆိုတဲ့ ပို့စ် ၁၅ ကြိမ်နဲ့ AA တပ်တွေ အ ကျအဆုံးများနေတယ်ဆိုပြီး စစ်တပ်ရဲ့ နိုင်ပွဲတွေကို ပုံဖော်ထားတဲ့ ပို့စ် ၈ ကြိမ် ဝါဒဖြန့်ခဲ့ကြတာပါ။

AA ဟာ လူမျိုးကြီးဝါဒနဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်နေတာလို့ စစ်ကောင်စီလော်ဘီတွေက တန်ပြန်စွပ်စွဲနေပြီး ရိုဟင်ဂျာ မူစလင်တွေနဲ့ ရခိုင်လူမျိုးတွေအကြားမှာရော AA ကြားမှာပါ ပဋိပက္ခတွေကို ကြီးထွားသထက်ကြီးထွားအောင် လှုံ့ဆော်နေတာလို့ BACS က ဆိုပါတယ်။

ရခိုင်မှာ လူမျိုးရေး၊ဘာသာရေး အထိကရုဏ်းတွေ ပြန်ဖြစ်ပွားလိုနေတဲ့ စစ်ကောင်စီတပ်အနေနဲ့ အာရက္ခ တပ်တော် AA က ဗုဒ္ဓဘာသာဘုန်းကြီးတွေကို သတ်ဖြတ်နေပါတယ်လို့ စစ်တပ်လော်ဘီတွေက သတင်းဖြန့်ခဲ့ပါသေးတယ်။

တစ်ဘက်မှာ ချင်းလူမျိုးတွေ ချင်းလက်နက်ကိုင်တပ်တွေနဲ့ AA အကြား မကျေနပ်မှုတွေဖြစ်ပေါ်နေတဲ့အတွက် ချင်းလက်နက်ကိုင်တပ်နဲ့ ချင်းလူမျိုးတွေက AA ကို တန်ပြန်တိုက်ခိုက်တော့မယ်ဆိုပြီး စစ်ကောင်စီလော်ဘီတွေက ဝါဒဖြန့်ခဲ့တာပါ။

စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာစစ်ရှုံးလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအကြား အထင်လွဲမှားစေဖို့လုပ်ကြံဖန်တီး ပြောဆိုမှုတွေ ပြုလုပ်နေပြီး အဓိကအနေနဲ့ စစ်ရှုံးနယ်မြေတွေထဲက တော်လှန်ရေးအင်အားစုတွေကို ပိုမိုဦးတည်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီ တပ်စခန်းတွေကို KIA က ဆက်တိုက်သိမ်းပိုက်နေတဲ့အတွက် KIA/PDF တွေကြောင့် အရပ်သားတွေထိခိုက်သေဆုံးရတယ်ဆိုတဲ့ ပို့စ် ၁၅ ခုလောက်နဲ့ စစ်တပ်လော်ဘီတွေက ပုံဖျက်တိုက်ခိုက်ခဲ့တာ တွေ့ရတယ်လို့ BACS က ဆိုပါတယ်။

စစ်ကောင်စီလော်ဘီတွေဟာ AA နဲ့ KIA အပြင် NUG၊ PDF တွေအပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ TNLA၊ MNDAA၊ KNU၊ KNDF တို့ကိုလည်း ပြည်သူတွေ အထင်လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ဝါဒဖြန့်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.