ဘေဂျင်း ၊ဇွန် ၄

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ကျင်းပဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ တရုတ်က အခြားနိုင်ငံကို ဖိအားပေးနေတယ်ဆိုတဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ စွပ်စွဲချက်ကို ဘေဂျင်းအစိုးရက ဇွန် ၃ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

ဇွန် ၂ ရက်နေ့က စင်ကာပူမှာ ကျင်းပနေတဲ့ လုံခြုံရေးညီလာခံမှာ ယူကရိန်းသမ္မတဇီလန်စကီးက အခုလအတွင်း ဆွစ်ဇာလန်နိုင်ငံက လက်ခံကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံသို့ အခြားနိုင်ငံတွေ မတက်ရောက်အောင် တရုတ်ဘက်က အပတ်တကုတ် ကြိုးပမ်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

နိုင်ငံအများအပြား တက်ရောက်လာပါက ရုရှားရဲ့ ကျူးကျော်မှု အဆုံးသတ်စေရေးအတွက် သူတို့လိုအပ်နေတဲ့ နိုင်ငံတကာထောက်ခံမှု ပိုမိုရရှိမယ်လို့ ယူကရိန်းက မျှော်လင့်ထားပါတယ်။

အဲဒီညီလာခံမှာ မိမိတို့ရဲ့ မဟာမိတ် ရုရှားနိုင်ငံမပါဝင်ဘူးဆိုရင် မိမိတို့ အနေနဲ့ တက်ရောက်ဖို့ ခက်ခဲမှာဖြစ်ကြောင်း တရုတ်က ပြောဆိုပြီး ညီလာခံကျင်းပမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဝေဖန်ခဲ့ပါတယ်။

တရုတ်ရဲ့ ရပ်တည်ချက်ဟာ ပွင့်လင်းမြင်သာမှုရှိပြီး အခြားနိုင်ငံတွေ မတက်ရောက်အောင် လုပ်ဆောင်ဖို့ မိမိတို့မှာ အကြောင်းမရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်ဟာ တရားမျှတမှုရှိကြောင်းနဲ့ ဘယ်တတိယနိုင်ငံကိုမှ ပစ်မှတ်ထားပြီး ငြိမ်းချမ်းရေး ညီလာခံ မတက်ရောက်စေဖို့ ကြိုးပမ်းနေတာမျိုး မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားပါတယ်။

အဲဒီပဋိပက္ခအတွက် အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အားလုံးကို ထောက်ခံအားပေးရမှာ ဖြစ်တယ်လို့လည်း တရုတ်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ မိမိတို့ဟာ ကြားနေနိုင်ငံဖြစ်ပေမယ့် ရုရှားနဲ့ မိမိတို့ရဲ့ မဟာဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုကြောင့် အနောက်တိုင်းရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း တရုတ်အစိုးရက ပြောပါတယ်။

တရုတ်ဟာ ရုရှားဆီကို လက်နက်တွေ တိုက်ရိုက်ပို့ဆောင်မှု မရှိပေမယ့် ဆိုဗီယက်ပြည်ထောင်စုခေတ်နောက်ပိုင်း ရုရှားရဲ့ ကာကွယ်ရေး လုပ်ငန်း နယ်ပယ်တိုးချဲ့ရေး အများကြီး ကူညီပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

ဆွစ်ဇာလန်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ဖို့စာရင်းပေးထားတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ရှိနေပြီလို့ သမ္မတဇီလန်စကီးက ဇွန် ၂ ရက်နေ့မှာ ပြောကြားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.