ဖာပွန်၊ ဇွန် ၅

ကရင်ပြည်နယ် ဖာပွန်မြို့အနားမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်လက်အောက်ခံဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တို့ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဆက်လက်ဖြတ်တောက် တိုက်ခိုက်နေပြီး ဗျူဟာတပ်စခန်း မကျဖို့အတွက် စစ်ကောင်စီတပ်က အားကုန်တောင့်ခံကာ ခုခံတိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဗျူဟာကုန်းနဲ့ တပ်ရင်းဌာနချုပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့မတ်လကစပြီး စတင်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဖာပွန်မြို့အပါ အဝင် တပ်ရင်း ၃ ရင်းကို ပူးပေါင်း အဖွဲ့က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာပါ။

တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ ဖာပွန်စစ်ဗျူဟာကုန်းအပါအဝင် ခမရ ၃၄၀ ခမရ ၃၄၁ တပ်ရင်းဌာနချုပ်တို့ကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေပြီး အဲဒီဗျူဟာတပ်ရင်း ဌာနချုပ်တို့ မကျရေးအတွက် စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖာပွန်မြို့နားမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အချိန် တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုက စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ တပ်စခန်းတွေကို ရုတ်သိမ်းထွက်ခွာလိုက်ကြပြီး ခေါပုတ်တပ်စခန်းထဲမှာ ပြန်စုနေကြတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

KNLA တပ်မဟာ ၅ ရဲ့ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ မေလအတွင်းက စစ်ကောင်စီတပ် စခန်းတွေဖြစ်ကြတဲ့ ကျောက်ညှက်(ဝလူ)၊ ကဟီကျိုး၊ လယ်တိုး၊ မော်ဖို့ကျိုးစတဲ့ တပ်စခန်း ၅ ခု ရုတ်သိမ်းစွန့်ခွာသွားခဲ့ကြတာဖြစ်ပြီး အဲဒီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖာပွန်မြို့ဘက်ကို စစ်ကူပြန်လာဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

တပ်စခန်း ၅ ခုကနေ ရုတ်သိမ်းစွန့်ခွာလာခဲ့ကြပြီး ခေါပုတ်တပ်စခန်းထဲမှာ စုဝေးနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေဟာ ဖာပွန်မြို့ကို စစ်ကူပြန်လာဖို့ ဒါမှမဟုတ် ခေါပုတ်စခန်းထဲမှာပဲ ခံစစ်နေရာအသစ်တစ်ခု ပြန်တည်ဆောက်ဖို့ဆိုတာ မသေချာသေးပဲ အခြေအနေကို စောင့်ကြည့်နေရဦးမယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုထားပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်မှု လက်နက်ကြီးပစ် ခတ်မှု လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်လိုလို အပြင်းအထန် လုပ်ဆောင်နေခဲ့ပြီး ဖာပွန်မြို့ တွင်း တိုက်ပွဲပြင်းထန်မှုတွေကြောင့် မြို့ထဲနဲ့ အနီးအနားကျေးရွာတွေက ပြည်သူလူထုတွေဟာ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

ပုံစာ-ဖာပွန်တပ်စခန်းများကို ပူးပေါင်းအဖွဲ့မှသိမ်းပိုက်စဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.