ထားဝယ်၊ ဇွန် ၅

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ကျေးရွာမှာ နှစ်ရက်အကြာ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီဟာ ကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ ကျော် ဖောက်ထွင်းခဲ့သလို အရပ်သား ၁ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာအနီးမှာ အိမ်းစီးကားနဲ့ မောင်းနှင်းလာတဲ့ စစ်ကောင်စီရဲ့ ဗိုလ်ကြီးဇင်ဝင့်အောင် ပစ်သတ်ခံရပြီးနောက် ဇဟာအမြောက်တပ်နဲ့ ရေဖြူဘက်က အင်အား ၁၀၀ နီးပါး စစ်ကောင်စီတပ်သားတွေဟာ မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ ကျော်က တန်ဖိုးရှိ ရွှေ၊ ငွေ၊ ဖုန်းနဲ့အိမ်အသုံးအဆောင် ပစ္စည်းတွေအပြင် ကုန်စုံဆိုင်က ပစ္စည်းတွေကိုလည်း ဖောက်ထွင်းယူဆောင်ခဲ့တာဖြစ်တယ်လို့ မောင်မယ်ရှောင်ကျေးရွာ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း တပ်စွဲနေထိုင်တဲ့ နှစ်ရက်အတွင်းမှာ ဒေသခံ အမျိုးသား ၁၀ ဦးကို ဖမ်း ဆီးခဲ့ပြီး ဇွန် ၃ ရက်နေ့ မနက်အစောပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက ပြန်ထွက်သွားပြီး သူတို့နဲ့အတူ ဖမ်းဆီးထားတဲ့ ဒေသခံအမျိုးသား ၉ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တစ်ဦးကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

မောင်မယ်ရှောင်ကျေးရွာမှာတော့ ဇွန် ၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ထားဝယ်မြို့နဲ့ ၇ မိုင်ခန့်သာဝေးတဲ့ မောင်မယ်ရှောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေး အင်အားစု ပူးပေါင်းတပ်တွေကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ မြို့ဝင်စစ် ဆေးရေးဂိတ်ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.