စစ်တွေ၊ ဇွန် ၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ မတရား ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူအရေအတွက် ၇၆ ဦးအထိ ရှိလာခဲ့တယ်လို့ ရက္ခိုင့် တပ်တော် AA က ဒီနေ့ ဇွန် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) နဲ့ စစ်ကောင်စီ သင်တန်းဆင်း မူဆလင်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေ ၂၉ နေ့ကစပြီး တစ်ရွာလုံးကို ပိတ်ဆို့ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က အမျိုးသမီးအချို့ကို မုဒိမ်းကျင့်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ တန်ဖိုးရှိ ရွှေငွေပစ္စည်းတွေကို မတရားသိမ်းယူတာအပြင် ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေကို ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားတယ်လို့ AA ကဆိုပါတယ်။

ဒါအပြင် ကျေးရွာအတွင်းရှိ ကလေးသူငယ် သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို တစ်ယောက်မကျန် ဖမ်းဆီးခဲ့သလို လက်ပြန်ကြိုတုပ်ပြီး နေပူလှန်ထားခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနဲ့ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတွေကို လုပ်ဆောင်နေတယ်လို့ AA က မနေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗျိုင်းဖြူကျေးရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ကံပြင်ရွာဟောင်းနဲ့ ကံပြင်ရွာသစ်ကနေ AA က စစ်တွေမြို့ထဲကို ဒရုန်းနဲ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေရဲ့ သတင်းပေးချက်အရ မေ ၂၉ ရက်နေ့မှာ ဗျိုးဖြူကျေးရွာထဲကို နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ဒေသခံမဟုတ်တဲ့ အရပ်သား ၃ ဦးကို စစ်ဆေးနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ယောက်ရဲ့ သေနတ်ကို လုယူတာကြောင့် ပစ်ခတ်ခဲ့ရာမှ အဲဒီအမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး နောက်ထပ် လူ ၂၀ ကျော်ကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာက တဆင့် ဇွန် ၃ ရက်နေ့မှာ ဖြေကြားထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဘက်ကပြောသလို လူ ၄၀ ကျော်လောက် သေဆုံးတာနဲ့ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စရပ်မျိုး ဖြစ်ပျက်ခဲ့တာ မရှိခဲ့ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဇွန် ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA ကလည်း ဗျိုင်းဖြူဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အချက်အလက်တွေကို ဆက်လက်စုံစမ်းပြီး အချိန်နဲ့တပြေးညီ ဖော်ပြသွားမယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.