မော်လမြိုင် ၊ ဇွန် ၄

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီးနောက် စစ်ကောင်စီက အထင်ကရ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူလိုက်ယုံနဲ့ ရွှေဈေးနှုန်း သိသိသာသာ ကျဆင်းမှုမရှိနိုင်ဘူးလို့ စီးပွား ရေးပညာရှင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အနှောက်အယှက် အဟန့်အထား ဖြစ်စေဖို့ ရည်ရွယ်ပြီး ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မဖြစ်တဲ့ဈေးနှုန်းတွေနဲ့ ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲချက်နဲ့ ရွှေလုပ်ငန်းရှင်တွေကို လိုက်လံဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် တရားမဝင်ရွှေအရောင်းအ ဝယ် ပြုလုပ်နေတဲ့ ပွဲစားအပါအဝင် ရွှေလုပ်ငန်းရှင် ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးစစ်ဆေးခဲ့ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နောက်ကွယ်ကနေ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တယ်လို့ဆိုပြီး နာ မည်ကြီး ရွှေဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်နဲ့ ရွှေသန့်စင်လုပ်ငန်းပိုင်ရှင်တွေအပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ ရွှေလုပ်ငန်းရှင်တွေ ဖမ်းဆီးအရေးယူတာဟာ ခဏတာဈေး ကွက်ကို အကြောက်တရားနဲ့ ဆွဲချလိုက်တဲ့ သဘောသာဖြစ်ပြီး ရေရှည်အတွက် ပြည်တွင်းဒေါ်လာ ဈေးနှုန်းကျဆင်းအောင် လုပ်ဆောင်မှသာ ရွှေဈေးနှုန်းကျဆင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)က ဒီစီမံခန့်ခွဲမှု နည်းလမ်းအရ လုပ်တဲ့ဟာပေါ့။ ဒါကခဏတော့ အလုပ်ဖြစ်ပါတယ်။ ဈေးကွက်ရုတ်တရက် ရှော့ဖြစ်ပြီးတော့ ဈေးကွက်ထဲမှာ မလုပ်ရဲမကိုင်ရဲဖြစ်သွားတယ်။ ရေရှည်မှာက အဆင်မပြေဘူး။ ဈေးကွက်ကို ရုတ်တရက်ဖျက်လိုက်တဲ့အချိန်မှာ နောက်အဓိက အကြောက်တရားနဲ့ ဈေးကိုဆွဲချတာ။ အဖမ်းအဆီး ရှိနေတုန်းမှာတော့ ဈေးကအေးကောင်း အေးသွားနိုင်တယ်။ ဒါပေမယ့် ဒါပြီးလို့ရှိရင် ဈေးကွက်က သူ့အလုပ်သူလုပ်သွားမှာပဲ။ ရေရှည်မှာဆိုလို့ရှိရင် စောစောကပြောသလို ဒီဒေါ်လာကျအောင် လုပ်ရမယ်။ နောက်ပြီးဒေါ်လာတန်ဖိုးကို ငြိမ်အောင် လုပ်ရမှာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းရွှေဈေးနှုန်း အနည်းငယ်ကျဆင်းလာတာဟာ စစ်ကောင်စီက ဖမ်းဆီးတဲ့အ တွက် အကြောက်တရားကြောင့်သာ ကျဆင်းတာဖြစ်ပြီး ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ဒေါ် လာဈေးနှုန်းကို အခြေခံတာကြောင့် ဒေါ်လာဈေးနှုန်းမကျမခြင်း အမြင့်ဈေးမှာပဲ ဆက်ရှိနေအုံးမယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးယုံနဲ့ ရွှေဈေးနှုန်း သိသိသာသာ မပြန်ကျနိုင်ဘဲ ဒေါ်လာဈေးနှုန်းအပါအဝင် နိုင်ငံခြားငွေကြေးကစားတဲ့သူတွေကိုပါ ဖမ်းဆီးမှသာ ရွှေဈေးနှုန်းပြန်ကျနိုင်မယ်လို့ ပြောပါတယ်။

“ဒီရွှေကိုပဲ ဖမ်းယုံနဲ့ ဈေးကတော့မကျနိုင်ဘူး။ ငွေကိုပါ ကိုင်မှရမှာ။ ကမ္ဘာ့ရွှေဈေးရယ်၊ ဒေါ်လာဈေးရယ် မြှောက်ပြီးတော့မှ ရလာတဲ့အဖြေက ရွှေဈေးဆိုတော့ ဒေါ်လာဈေးကို သူတို့အရမ်းကျ အောင် ထိန်းနိုင်လို့ရှိရင် ရွှေဈေးကဝုန်းကနဲကျမှာပေါ့။ ငွေဈေးကျမှသာလျှင် ရွှေဈေးကလည်း လိုက်ကျမှာ။ ရွှေကုန်သည်ကို ဖမ်းယုံနဲ့ကတော့ ငွေဈေးကိုမကိုင်လို့ရှိရင် ရွှေဈေးကသိသိသာသာ အကျိုးသက်ရောက်မယ် မထင်ဘူး။ ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေ ကစားတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့လိုသေးတာ”လို့ ဆိုပါ တယ်။

ပြည်တွင်းရွှေဈေးကွက်မှာ စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီး စစ်ဆေးမှုတွေကြောင့် ဈေးနှုန်း အတည် တကျ မဖွင့်ရဲတော့သလို တချို့ရွှေဆိုင်တွေအနေနဲ့ အရောင်းအဝယ်တွေကအစ ရပ်နားထားတယ်လို့ သိရပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလအတွင်း ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်က မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၆၀ ဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် စစ်ကောင်စီက ရွှေဆိုင်လုပ်ငန်းရှင်တွေအပါအဝင် ရွှေလုပ်ငန်းနဲ့ သက်ဆိုင်သူတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် ဖမ်း ဆီးအရေးယူတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၃ သိန်း ဝန်းကျင်သာရှိခဲ့ရာမှ စစ်ကောင်စီလက်ထက်မှာ ဈေးနှုန်း ၄ ဆကျော်အထိ စံချိန်တင်မြင့်တက်လာပြီး ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း နေ့စဉ်နီးပါး ဖြစ်ပေါ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.