ဆစ်ဒနီ၊ မေ ၂၈

ပါပူအာ နယူးဂီနီနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ကြီးမားတဲ့မြေပြိုမှုကြောင့် လူ ၂၀၀၀ ကျော်ဟာ အသက်ရှင်လျက် မြေကြီးအောက် ရောက်သွားနိုင်တယ်လို့ အစိုးရက မေ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မြေမျက်နှာပြင်အနေအထား ကြမ်းတမ်းမှုနဲ့ အဲဒီနေရာကို အကူအညီ ရောက်ရှိနိုင်ဖို့ ခက်ခဲတာကြောင့် အသကရှင်ကျန်ရစ်သူ အနည်းငယ်ကိုပဲ ရှာတွေ့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အမျိုးသား သဘာဝဘေးစင်တာက ကုလသမဂ္ဂထံပေးပို့ထားတဲ့ စာမှာ လူ ၂၀၀၀ လောက် အသက်ရှင်လျက် မြေကြီးအောက် ရောက်သွားနိုင်တယ်လို့ ဖော်ပြထားပေမယ့် သီးခြားကုလသမဂ္ဂအေဂျင်စီတစ်ခုကတော့ အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ အများကြီး ပိုနည်းနိုင်တယ်လို့ ဆိုထားပါတယ်။

အလှမ်းဝေးတဲ့နေရာမှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်လို့ အမှန်တကယ် နေထိုင်သူအရေအတွက်ကို အတိအကျ သိရဖို့ ခက်ခဲကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောပါတယ်။

ပါပူအာ နယူးဂီနီမှာ ၂၀၀၀ ပြည့်နှစ်က နောက်ဆုံးအကြိမ် ယုံကြည်ရတဲ့ သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး လူတွေအများကြီးဟာ သီးခြားဖြစ်နေတဲ့ တောင်ထူထပ်ရာဒေသတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်း ယမ်ဘာလီ ကျေးရွာမှာ မေ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ပြိုကျလာတဲ့ မြေကြီးတွေဟာ နှစ်ထပ်အဆောက်အဦ အမြင့်လောက်ရှိပြီး အိမ်ခြေ ၁၅၀ ကျော် မြေကြီးအောက် နစ်မြုပ်သွားခဲ့ရပါတယ်။

မြေကြီးအောက်က အော်သံတွေကြားရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြည်တွင်းမီဒီယာကို ပြောဆိုထားပါတယ်။

မြေပြိုပြီး ၇၂ နာရီ ကြာတဲ့အထိ ဒေသခံတွေဟာ တူရွင်းတွေ ဂေါ်ပြားတွေသုံးပြီး မြေကြီးတွေကို နေရာရွှေ့ပစ်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အသက်ရှင်သူတစ်ယောက်ကိုမှ ရှာမတွေ့ခဲ့ပါဘူး။

မြေပြိုရာနေရာသို့ မေ ၂၅ ရက် ညနေပိုင်းမှာ ပထမဆုံးမြေတူးစက် တစ်စီး ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်အထိတော့ အလောင်း ၆ လောင်း ရှာတွေ့ထားပြီး ဆွေမျိုးသားချင်းတွေ ပျောက်ဆုံးနေကြောင်း တိုင်ကြားထားသူတွေ အများကြီး ရှိနေပါတယ်။

အဲဒီနေရာဆီ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာရင်တောင် မိုးရွာသွန်းမှု၊ မြေသားမတည်ငြိမ်မှုနဲ့ ရေစီးနေတာကြောင့် တော်တော် ခက်ခက်ခဲခဲ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်နေနိုင်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.