ကုလသမဂ္ဂ၊ မေ ၂၇

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေကို စောင့်ကြည့်နေပြီး အဖိနှိပ်ခံလူနည်းစု ထောင်နဲ့ချီပြီး နှင်ထုတ်ခံရမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ကုလသမဂ္ဂ စစ်ရာဇဝတ်မှု စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM အဖွဲ့ရဲ့ မေ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်က ပကတိမြေပြင်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သလား၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့သလားဆိုတာကို စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာမွတ်စလင် ခြောက်သိန်းလောက်လည်း နေထိုင်တဲ့ ရခိုင်ပြည်နယ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ရခိုင့်တပ်တော် အေအေက ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ နှိမ်နှင်းမှုကြောင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာဟာ ၂၀၁၇ ခုနှစ်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးသွားခဲ့ရပြီး အခုအချိန် အဲဒီကိစ္စကို ကုလသမဂ္ဂတရားရုံးမှာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ဘူးသီးတောင်မြို့က နေအိမ်တွေ ဖျက်ဆီးမှုနဲ့ အရှိန်မြင့်လာတဲ့ အကြမ်းဖက်မှုတွေ အပါအဝင် အေအေနဲ့ စစ်ကောင်စီတပ်တွေကြား ပြင်းထန်လာတဲ့ တိုက်ပွဲတွေကို မိမိတို့ စုံစမ်းစစ်ဆေးနေတယ်လို့ IIMM က ပြောကြားပါတယ်။

ရခိုင်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် အဓိကအားဖြင့် ရိုဟင်ဂျာ ထောင်ချီ ထွက်ပြေးသွားခဲ့ရပြီး ရခိုင်ပြည်သူတွေနဲ့ လူနည်းစု ဟိန္ဒူဘာသာဝင်တွေ အပေါ်လည်း ထိခိုက်မှုရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားနေတဲ့ ပြည်ပအဖွဲ့တွေက ရိုဟင်ဂျာတွေကို အေအေက နှင်ထုတ်ခဲ့ပြီး နေအိမ်တွေကို လုယက်မီးရှို့ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်မှာတော့ ဘူးသီးတောင်မြို့က လူတွေကို တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ကြိုတင်ပြီး တိမ်းရှောင်ကြဖို့ ပြောကြားခဲ့တာဖြစ်ပြီး တိမ်းရှောင်သွားသူတွေကိုလည်း သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေရာချထားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့က ရခိုင်ပြည်နယ်အပြင် မြန်မာနိုင်ငံတဝန်းဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေမှာ စစ်တပ်အပြင် လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ရာဇဝတ်မှုတွေလည်းရှိတယ်လို့ ပြောဆိုထားပါတယ်။

SOURCE: TRTWORLD AND AGENCIES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.