ကြာအင်းဆိပ်ကြီး၊ မေ ၂၇

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ဖိုးချီးမူစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖိုးချီးမူးစခန်းဟာ နယ်စပ်တလျှောက်မှာ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့အတွက် KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က အပြည့်အ၀ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ ထိုင်းမြန်မာနယ်စပ် စစ်ကောင်စီရဲ့ အင်အားကြီးအထိုင်စခန်းဖြစ်တဲ့ ဖိုးချီးမူစစ်စခန်းကို KNLA PDF နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ စစ်ကူပို့လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ပြီး မြေပြင်ချေမှုန်းရေးနဲ့ ဒရုန်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြကာ မေ ၁၉ ရက်နေ့မှာ အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြတာပါ။

မေ ၁၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်အင်အား ၉၀ ကျော် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပြီး မေ ၁၉ ရက်နေ့ မနက် ၉ နာရီ မိနစ် ၂၀ မှာ စစ်ကောင်စီတပ်နဲ့ KNLA SOF တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့အလောင်းနဲ့ MA4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့က ဆက်လက်ပြီး ဒရုန်းနဲ့ ဗုံးကြဲခဲ့သလို မြေပြင်ကနေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ မေ ၂၀ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့ပြီး မနက် ၈ နာရီ ၁၅ မိနစ်မှာ ဒုတပ်ရင်းမှူးရန်အောင်နဲ့ 2IC မင်းမင်းထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မေ ၂၁ ရက်နေ့မှာ နယ်မြေရှင်းလင်းဆောင်ရွက်ရာမှာ စစ်ကောင်စီအလောင်းတစ်လောင်းနဲ့ အရှင် ၇ ဦးကို လက်နက်နဲ့အတူ ဖမ်းမိခဲ့ပြီး မေ ၂၂ ရက်နေ့မှာ တပ်ကြပ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၆ ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖိုးချီးမူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်ရဖမ်းမိခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းနိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကာ ၂၆ ဦးမှာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့တယ်လို့ S.O.F က ဆိုထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က MI35 ရဟတ်ယာဉ်နဲ့ ၂ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ် ပြန်ဆုတ်ပြေးတဲ့လမ်းမှာ ဒေသခံကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ပစ်သတ်သွားခဲ့သလို တော်လှန်ရေးပူးပေါင်းအဖွဲ့က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကိုယ်ဝန်ဆောင်အမျိုးသားတစ်ဦးနဲ့ အရပ်သားတစ်ဦးကို ပစ်သတ်သွားခဲ့တဲ့ စကစအုပ်စုကွဲ အယောက် ၂၀ ကျော်က ထိုင်းဘက်ကိုရောက်သွားပါတယ်” လို့ SOF တပ်မှူး ကိုအောင်စံရှားက ပြောပါတယ်။

အခုသိမ်းပိုက်ရရှိထားတဲ့ ဖိုးချီးမူးစခန်းဟာ စကခ ၁၃ လက်အောက်ခံ ခလရ ၅၅၇၊ ခမရ ၅၆၁၊ အမြောက်တပ် ၃၉၉ တပ်တို့ကဖြစ်ပြီး နယ်စပ်တစ်လျှောက်မှာ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့အတွက် KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ဟာ အပြည့်အ၀ နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ SOF က ထုတ်ပြန်ပါတယ်။

“ဖိုးချီးမူးစခန်းက ကျိုက်ဒုံမြို့အပိုင်ထဲက နောက်ဆုံးကျန်နေတဲ့ နယ်စပ်စခန်းပါ။ ပြီးတော့ ကော့ကရိတ် ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်ဒုံမြို့နယ်တွေနဲ့ ထိုင်းနယ်စပ်တလျှောက်မှာလည်း နောက်ဆုံးကျန်နေတဲ့စခန်းပါ” လို့ SOF တပ်မှူး ကိုအောင်စံရှားက ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ ထိုင်း-မြန်မာနယ်စပ်ရှိ ကွီလုံတိုင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ရေသလျှောက်စခန်း၊ မဲသရောထစခန်းတို့ကို ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်နေ့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကျိုက်ဒုံမြို့အခြေစိုက် စစ်ဗျူဟာကုန်းကိုတော့ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ် ၁၄ ရက်နေ့က အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဗျူဟာမှူးအပါအဝင် ၆၆ ဦး လက်နက်ချအညံ့ခံခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SOF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.