ဘန်ကောက်၊ မေ ၁၆

ဘုရင့်နန်းတော်ကို စော်ကားမှုစွဲချက် အပါအဝင် စွဲချက်တွေ အများကြီးနဲ့ ရုံးမတင်ခင် ဖမ်းဆီးထားစဉ်အတွင်း အစာငတ်ခံ ဆန္ဒပြပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ် သေဆုံးမှုကို စုံစမ်း စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က မေ ၁၅ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။

အကျဉ်းထောင် ဆေးရုံမှာ နှလုံးထိခိုက်ပြီး သေဆုံးသွားတဲ့ အသက် ၂၈ နှစ်အရွယ် နတ်တီပွန် ဘွန်း ဆာနီဆမ်ခွန်အတွက် မေ ၁၄ ရက် ညက တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံ လွှတ်တော်အမတ်တွေ အပါအဝင် လူရာပေါင်းများစွာက ဖယောင်တိုင်မီးတွေထွန်းပြီး ဆုတောင်းပေးခဲ့ကြသလို အနောက်တိုင်း သံတမန်တွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝမ်းနည်းကြောင်း လူမှုမီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

“အသက်ဆုံးရှုံးရတာ ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော် ဝမ်းနည်းမိကြောင်း သူ့မိသားစုကို ပြောကြားလိုပါတယ်” လို့ ဝန်ကြီးချုပ်ဆရက်သာက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်

သူသေဆုံးမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို စုံစမ်းစစ်ဆေးဖို့ တရားရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

နတ်တီပွန်ဟာ တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ဇန်နဝါရီက ဖမ်းဆီးခံရပြီး ဘုရင့်နန်းတော်ကို စော်ကားမှုအတွက် သူ့ရဲ့ အာမခံ လျှောက်ထားမှု ပယ်ချခံရပြီးနောက် ဆက်လက်ဖမ်းဆီးထားခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့က ပြောပါတယ်။

သူဟာ တစ်လလောက် အစာငတ်ခံဆန္ဒပြပြီးနောက်မှာ ကျန်းမာရေး ယိုယွင်းလာခဲ့တယ်လို့ သိရပါတယ်။

သူဟာ ဧပြီလလဆန်းပိုင်းလောက်က အစာပျော့တွေပြန်ပြီး စားခဲ့ပြီးတဲ့နောက် သူမသေဆုံးခင် ကျန်းမာရေးအခြေအနေ ဆိုးရွားနေပေမယ့် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ သောက်သုံးဖို့ ငြင်းဆန်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

သူသေဆုံးရတဲ့ အကြောင်းအရင်းကို သိရှိရေး အလောင်းစစ်ဆေးမှု ရလဒ်ကို စောင့်နေဆဲဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက မေ ၁၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နတ်တီပွန်ဟာ ဘုရင့်နန်းတော် ပြုပြင်ပြောင်းလဲရေး လူငယ်တွေ ဦးဆောင်ပြီး တောင်းဆိုတဲ့ ၂၀၂၀ တုန်းက ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း ထိန်းသိမ်းခံထားစဉ်အတွင်း သေဆုံးခဲ့တဲ့ ပထမဆုံး တက်ကြွလှုပ်ရှားသူ ဖြစ်ပါတယ်။

သူဟာ ထိုင်းနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း နန်းတော်စော်ကားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လူ ၂၇၂ ယောက်ထဲက တစ်ယောက် ဖြစ်တယ်လို့ ထိုင်းရှေ့နေများ အဖွဲ့က ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.