အင်ဖာ၊ မေ ၁၃

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သို့ တရားမဝင် ဝင်ရောက်လာပြီး ခမ်ဂျွန်ဒေသမှာ ခိုလှုံနေသူ ၅၈၀၀ ကျော်ကို မကြာခင် ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ မဏိပူရဝန်ကြီးချုပ် အမ်ဘီရန်ဆင်းချ်က ပြောကြားပါတယ်။

မေ ၁၂ ရက်က အင်ဖယ်ဒေသမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဆင်းချ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဏိပူရသို့ ဝင်ရောက်လာပြီး ခမ်ဂျွန်ဒေသရှိ ကျေးရွာ ၈ ရွာမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၅၈၀၀ ကျော် ရှိတယ်လို့ ပြောကြားထားပါတယ်။

သူတို့ထဲက ၁၅ ယောက်ဟာ ဓမ္မတာအတိုင်း သေဆုံးသွားခဲ့ပြီး ၃၅၉ ယောက် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေကောင်းလာတာနဲ့ သူတို့ကို ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

ဒီတရားမဝင် ဝင်ရောက်လာသူတွေကို လက်ခံထားရတာက မိမိတို့ ဒေသဆိုင်ရာ အစိုးရအတွက် ကြီးမားလွန်းတဲ့ တာဝန်တစ်ရပ်ဖြစ်နေပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အားလုံးကို သူတို့ရဲ့ မိခင်နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

သူတို့ကို ဒေသခံတွေနဲ့ ရောနှောမှုမရှိရအောင် ကျေးရွာတွေနဲ့ ဝေးတဲ့ နေရာတွေမှာ စခန်းချထားတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံလိုပဲ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီမှုကို လက်မှတ်မထိုးထားတာကြောင့် ဒုက္ခသည်တွေကို အသိအမှတ်မပြုဘဲ ပြန်လည် ပို့ဆောင်နေတာ ဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြန်မာနိုင်ငံသား အများအပြား ဝင်ရောက်ခိုလှုံလာပြီးနောက် အိန္ဒိယက ကာလကြာရှည်ထားရှိခဲ့တဲ့ ဗီဇာမလိုဘဲ ဝင်ထွက်သွားလာခွင့်ကို ရုတ်သိမ်းခဲ့ပြီး နယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ စီစဉ်နေပါတယ်။

နောက်ထပ် နယ်စပ်ဒေသတွေမှာ မငြိမ်မသက်မှုတွေ ဖြစ်ပွားတာဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တစ်စိတ်တစ်ပိုင်း ဆက်စပ်နေတယ်လို့ အိန္ဒိယအရာရှိတွေက ပြောဆိုထားပါတယ်။

Ref: INDIA TODAY

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.