မင်္ဂလာပါရှင်
သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ကချင်ပြည်နယ်၊မိုးမောက်မြို့က ပြည်သူတွေရဲ့ နေအိမ်တွေကို PDF တွေက ဖျက်ဆီးပြီး ပစ္စည်း ခိုးယူမှုတွေပြုလုပ်နေကာ အရပ်သားတွေကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါ တယ်။
ဒီအကြောင်းကို Kyaw Swar ၊ မှိုင်းဝေနဲ့ ဟန်ငြိမ်းဦးစတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ စစ်တပ်ပုံ အသုံးပြုထားတဲ့ အကောင့်တုတွေမှာ ဧပြီလ ၂၉ ရက်နေ့က ဓာတ်ပုံတွေနဲ့ စတင်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းက မိုးမောက်မြို့ကနေအိမ်မှာ ပစ္စည်းပြန်ယူတဲ့ စစ်ရှောင် ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံး ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒေသတွင်းသတင်းဌာနဖြစ်တဲ့ The 74Mediaက မိုးမောက်မြို့အတွင်း တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ အလင်းကောင်ရပ်ကွက်မှာ အကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံး ဒဏ်ရာရရှိသူတွေဟာ ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာရရှိထားသူတွေလည်းပါဝင်တယ်လို့ ဒေသခံတွေကို မေးမြန်းပြီးဖော်ပြထားပါတယ်။
လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ The Irrawaddy Burmese မှာတော့ စစ်ကောင်စီ ခြေလျှင်တပ် ရင်း ခလရ ၄၃၇ တပ်ဟာ မြို့ပေါ်က ဘုရားကျောင်း၊စျေးနဲ့ နေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်း ဆီးထားတဲ့ မြို့ခံတွေကို လူသားဒိုင်းအဖြစ်အသုံးချနေသလို အရပ်သားတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူမှုတွေ လုပ်ဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးကိုမေးမြန်း ပြီးရေးသားထားပါတယ်။
The 74Media သတင်းဌာန ဖော်ပြထားတဲ့သတင်း
The Irrawaddy Burmese သတင်းဌာန ဖော်ပြထားတဲ့သတင်း
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်