တနင်္သာရီ၊ ဧပြီ ၃၀

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရေခမ်းချောင်းကျေးရွာအနီးပတ်ဝန်းကျင်ကို ဧပြီ ၂၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေခမ်းချောင်းကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် နော်ကီတုတ်နဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် နော်ဝေဖာတို့ဟာ ကျေးရွာအပြင်ဘက်ကို ထင်းကောက်သွားရာမှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ထိမှန်ခဲ့တာပါ။

လက်နက်ကြီးထိမှန်မှုကြောင့် သမီးဖြစ်သူ နော်ဝေဖာဟာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့သလို မိခင်ဖြစ်သူမှာလည်း ဦးခေါင်း၊ ပေါင်၊ လက်မောင်းတွေနဲ့ ခန္ဓာကိုယ်အနှံ့မှာ ကျည်စတွေ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သားအမိနှစ်ဦးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ မြိတ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီး ပစ်ခတ်မှုကို ဇဝဲရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက လုပ်ဆောင်တာလို့ ပြောဆိုတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လယ်တောင်ယာရွာမှာ စစ်ကောင်စီတပ် ပစ် ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ Non-CDM ဝန်ထမ်းလင်မယား ၂ ဦး ဒဏ်ရာရခဲ့သေးတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီမြို့နယ်ထဲမှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၁ ဦးထက်မ နည်း ထိခိုက်သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.