လောင်းလုံး၊ ဧပြီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ (က)ရပ်ကွက်ထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇၅ နှစ်အရွယ် အဖွားအိုတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသားတစ်ဦး ဒဏ် ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က လောင်းလုံးမြို့ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ မြို့အနီးပတ်ဝန်းကျင်တွေကို လက်နက်ကြီး ၅ လုံး ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ (က) ရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၇၅ နှစ်အရွယ် အဖွားအိုဒေါ်ခင်အေးဟာ အခင်းဖြစ်ရာ နေရာမှာပဲ ဦးခေါင်းထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်ပေါက်ကွဲတဲ့နေရာ အနီးအနားမှာရှိနေတဲ့ နောက်ထပ်သက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့ပေါ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တွေရဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် မကြာခဏဆိုသလို အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလကနေ အခုနှစ်မတ်လအထိ ၂ နှစ်အတွင်း တနင်္သာရီတိုင်းမှာ အရပ်သားပြည်သူ ၅၄၁ ဦး သတ်ဖြတ်ခံ ထားရတယ်လို့ ဧပြီလဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.