မြဝတီ၊ ဧပြီ ၂၅

အောင်ဇေယျအမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ စစ်ကောင်စီ စစ်ကူတပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ပြတ်ပြတ်သားသား ရိုက်ချိုးဖြတ်တောက်ပြီး တိုက် ခိုက်ချေမှုန်းသွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့က ခလရ ၂၇၅ တပ်ရင်းစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြဝတီမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီက အောင်ဇေယျအမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်ခဲ့တာပါ။

နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်က သံချပ်ကာနဲ့ စစ်ယာဉ်တန်းအများအပြားပါဝင်တဲ့ တပ်မ ၅၅ စစ်ကူတပ်ကို စေလွှတ်ပို့ဆောင်ခဲ့ပြီး KNLA ပူးပေါင်းတပ်က အဲဒီစစ်ကူစစ်ကြောင်းကို အဆက်မပြတ် ဖြတ် တောက်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး သံချပ်ကာကား ၁ စီး၊ စစ်သုံးကား၂ စီးနဲ့ ပွိုင့်ဖွိုက် ၁ လက်အပါအဝင် လက်နက် ၁၁ လက်နဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရခဲ့တယ်လို့ KNU က ထုတ်ပြန်ထား ပါတယ်။

KNU ပြောခွင့်ရ ပဒိုစောတောနီးက မြဝတီမြို့ကို ပြန်သိမ်းမယ်လို့ ကြုံးဝါးထားတဲ့ အဲဒီစစ်ကြောင်းကို KNLA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ပြောပါတယ်။

“မြဝတီမြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့ မရ အရ ပြန်သိမ်းမယ်လို့ ကြုံးဝါးပြီး ဒရောသောပါး ထိုးစစ်ဆင်လာတဲ့ နယ်ချဲ့စစ်မိစ္ဆာ စစ်ခွေးနဲ့ အပေါင်းအပါ အားလုံးကိုတော့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ ကျွန်တော်တို့ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေအားလုံးကနေ ဒီစစ်ကူတပ်တွေကို ပြတ်ပြတ်သားသား ရိုက်ချိုးဖြတ်တောက်ပြီး တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းထဲကို စစ်ကောင်စီတပ်ဟာ နယ်ခြားစောင့်တပ် BGF အကူအညီနဲ့ အလံလာရောက်ထောင်ထား ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်သူစစ်ကောင်စီ ဆင်ထားတဲ့အကွက်ထဲ မကျ ရောက်အောင် KNLA ပူးပေါင်းတပ်ဖွဲ့တွေက မြဝတီမြို့ကနေ ယာယီဆုတ်ခွာပေးလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“အမှန်မှာက BGF နယ်ခြားစောင့်တပ်ကနေပြီး စစ်ကောင်စီတွေကို ခေါ်လာပြီးတော့ အဲဒီ ၂၇၅ မှာ စစ်ကောင်စီ အလံကို လာတင်ပေးတာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့အပေါ်မှာတော့ အထူးသဖြင့် ဒီလိုအင်မတန်မှကို အရေးကြီးတဲ့အခါမျိုးမှာ ရန်သူဆင်ထားတဲ့အကွက်ထဲ မကျရောက်စေဖို့အတွက် ကျွန်တော်တို့ KNLA ပူး ပေါင်းတပ်တွေ မြဝတီမြို့ကနေ ယာယီဆုတ်ခွာပေးလိုက်ရတာ ဖြစ်တယ်” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ဒါ့အပြင် တစ်ပြည်လုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေး လုပ်ဆောင်နေတဲ့အတွက် မြဝတီ မြို့တစ်ခုတည်း ကွက်ကြည့်နေတာ မဟုတ်ကြောင်းနဲ့ မပြီးသေးတဲ့ တော်လှန်ရေးခရီးအတွက် ပြည်သူလူထု နဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNU ပြောခွင့်ရ အသိပေးပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မြဝတီမြို့ကို စစ်ကူလာရောက်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကော့ကရိတ်မြို့နယ် ဒေါန တောင်ခြေရင်းမှာသာ ရောက်ရှိနေသေးတာ ဖြစ်ပြီး KNLA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်ဖြတ်တောက်မှုကြောင့် စစ်ကောင်စီတပ်ဟာ အထိနာနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.