လောင်းလုံး၊ ဧပြီ ၂၅

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ မြို့မရဲစခန်းရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၂၄ ရက် မနက် ၇ နာရီအချိန်ခန့်မှာ အင်အား ၇ ဦးဝန်းကျင်နဲ့ မြို့မရဲစခန်းရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်မှုကြောင့် မိနစ်အနည်းငယ်အကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက်အတိအကျ စုံစမ်းနေတယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံးမြို့ ဒေသခံတွေရဲ့ ပြောပြချက်အရ မြို့မရဲစခန်းရှေ့မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ် ဝင် ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါအပြင် မြို့မရဲစခန်းရှေ့မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ရဲစခန်းအနီးဝန်းကျင်က အရပ်သားပြည်သူတွေကို ခေါ်ယူစစ်ဆေးတာတွေ ပြု လုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကလည်း လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးမှူးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.