မော်လမြိုင် ၊ ဧပြီ ၂၅

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နိုင်ငံရေး၊ စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ဧပြီ ၂၃ ရက်နေ့မှာ နှစ်ဘက်အဖွဲ့ကနေ ပူးတွဲကြေညာပါတယ်။

အဲဒီ နှစ်ဖွဲ့ဟာ ဧပြီ ၂၂ ရက်နေ့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မွန်ပြည်ဖက်ဒရယ်ကောင် စီ MSFC ဘက်က ကောင်စီဝင် ၉ ဦးနဲ့ မွန်ပြည်သစ် NMSP-AD ဘက်က နိုင်ငံရေးစစ်ရေးဦး ဆောင်အဖွဲ့ဝင် ၆ ဦး တက်ရောက်ခဲ့တာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက ဒီတွေ့ဆုံမှုဟာ မူဝါဒတွေ ချမှတ်တဲ့ ပုံစံမျိုးမဟုတ်သေးဘဲ နိုင်ငံရေးစစ်ရေးနဲ့ အခြားကိစ္စတွေမှာ ဘယ်လိုပူးပေါင်းမလဲဆိုတာ ပဏမတွေ့ဆုံမှုလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ လောလောဆယ် တွေ့ဆုံမှုကတော့ မူဝါဒတွေ ချမှတ်တဲ့ ပုံစံမျိုးတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းနှစ်ဖွဲ့ကနေ ရှေ့ဆက်နိုင်ငံရေး၊ စစ်ရေး အခြားသောကိစ္စတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ပဏမတွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ သဘောတူညီချက်ကျတော့ အများ ကြီးမရှိပါဘူး။ ရှေ့လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ တစ်ဘက်နဲ့တစ်ဘက်ဆက်စပ်ကြဖို့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့တော့ ဖွဲ့တာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ပထမအကြိမ် တွေ့ဆုံမှုကနေ NMSP AD နဲ့ MSFC တို့ နိုင်ငံရေး၊စစ်ရေး၊ လူမှုကယ်ဆယ်ရေးအပါ အဝင် အခြားကဏ္ဍအသီးသီးတွေမှာ ပူးပေါင်းအကောင်အထည်ဖော်ရမယ့် လုပ်ငန်းတွေကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပူးပေါင်းအကောင်အထည်ဖော်ရမယ့်လုပ်ငန်းတွေ နှစ်ဦးနှစ်ဘက် ဆက်လက်ဆွေးနွေးနိုင်ဖို့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ သဘောတူညီချက်ရရှိခဲ့ပြီး အဲဒီအဖွဲ့မှာ တစ်ဘက်ကို သုံးဦးစီ လျာထားတယ်လို့ နိုင်မွန်စိုင်းက ပြောပြပါတယ်။

လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ကနေ ညှိနှိုင်းသဘောတူညီမှုရရှိတဲ့ လုပ်ငန်းတွေကို မွန်ပြည်သူတွေနဲ့ ပြည် ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူတွေဆီ ပုံမှန်တင်ပြသွားမယ်လို့ ပူးတွဲကြေညာချက်အရ သိရှိရပါတယ်။

နိုင်ငံရေး၊ စစ်ရေးနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးတာမရှိပေမယ့် မွန်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊စစ်ရေးအပါအဝင် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဆက်စပ်အခြေအနေတွေကို နှစ်ဘက်အဖွဲ့က‌နေ သတင်းအချက်အလက် မျှဝေတာနဲ့ သုံးသပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်မွန်စိုင်းက ပြောပြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊မွန်အမျိုးသားလွတ် မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ရည်မှန်းချက်တူပြီး တိုက်ပွဲဝင်နေကြတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းဖြစ်စေ စကားပြောသွားဖို့ ရှိတယ်လို့ ကောင်စီကနေ သိရပါတယ်။

နိုင်မွန်စိုင်းက “တခြားဒေသနဲ့ယှဉ်ရင် ကျွန်တော်တို့ မွန်ပြည်နယ်ကတော့ တော်လှန်ရေးအရှိန်အ ဟုန်က နည်းတယ်လို့ ပြောရမှာပေါ့။ ဒါကြောင့်လည်းပဲ ပထမဦးဆုံးအနေနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံ ကြည်မှုပြန်တည် ဆောက်တာရယ်၊ နောက်ပြီး အင်အားတွေ တည်ဆောက်တာရယ် ဒါတွေအတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်ရလိမ့်မယ် ထင်ပါတယ်”လို့ ထောက်ပြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်နိုင်ငံရေး၊ တော်လှန် ရေးအဖွဲ့ အစည်းဖြစ်ပြီး NMSP AD ကတော့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ပထမပတ်ကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ စစ်အာဏာရှင်နဲ့ အာဏာရှင်အမျိုးမျိုးကို အတူတ ကွတိုက်ပွဲဝင်နိုင်ဖို့ သဘောတူညီချက် ရရှိထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.