ကျိုက်ထို၊ ဧပြီ ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အသက် ၆၂ နှစ်အရွယ် ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ ကျိုက်ထိုမြို့ပေါ်ကနေ ကော့ထင်ကျေးရွာသို့ ပြန်လာစဉ် ရွာအဝင်ထိပ်မှာ အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ ဦးခေါင်း၊ ခန္ဓာကိုယ်နဲ့ပေါင်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က သတိပေးထားတာ ၅ ကြိမ်ရှိပြီး အခုဖြစ်စဉ်ဟာ စစ်မှုထမ်းဖို့ လိုက်လံနှိုးဆော်တာနဲ့ စာ ရင်းကောက်ယူတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ကျိုက်ထိုပြည်သူ့ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း စစ်မှုထမ်းဖို့ စာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေတဲ့ ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံလွင်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းထားပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အခုနှစ် လေးလအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအပါအဝင် စစ်ကောင်စီသတင်းပေး ဒလန် ၁၀ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ