မြဝတီ၊ ဧပြီ ၁၁

ကရင်ပြည်နယ် မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၁၀ ရက်ညပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သလို ထွက်ပြေးနေရတာတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ် ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၉ ရက်နေ့ နေ့လည်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ဧပြီ ၁၀ ရက်နေ့ ညပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ခလရ ၂၇၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ အများအပြား ထိခိုက်သေဆုံးခဲ့သလို ထိုင်းနိုင်ငံဘက်ခြမ်းကို အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတစ်ဆင့် ထွက်ပြေးသွားတာတွေလည်း ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

မြ၀တီမြို့မှာ ဧပြီ ၁၀ ရက်ညပိုင်းကတည်းကနေ ဒီမနက် ဧပြီ ၁၁ ရက် မနက်ပိုင်းအထိ တိုက်ပွဲသံတွေ ငြိမ်သက်နေပြီး မြို့တွင်းအခြေအနေလည်း တည်ငြိမ်လျက်ရှိနေတယ်လို့ မြိုခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မြ၀တီမြို့ မကျရေးအတွက် သထုံ ဘားအံကနေ စစ်ယာဥ်တန်းတွေနဲ့ တပ်ကူစစ်ကြောင်းတွေ ပို့ဆောင်လျက်ရှိနေပြီး လက်ရှိမှာ အဲဒီတပ်ကူစစ်ယာဥ်တန်းဟာ ကျုံဒိုးမြို့မှာ အခြေချထားလျက်ရှိတယ်လို့ ကြားသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.