ဘန်ကောက်၊ဧပြီ ၁၁

တိုက်ပွဲတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာမယ့် စစ်ရှောင်တစ်သိန်း အထိ လက်ခံဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ထိုင်းနဲ့မြန်မာဟာ ကီလိုမီတာ ၂၄၀၀ နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်တပ်ဟာ မကြာသေးခင်လတွေက ရှုံးပွဲအလီလီနဲ့ ရင်ဆိုင်ခဲ့ရသလို နယ်မြေတွေ တပ်စခန်းတွေအများကြီးလက်လွှတ် ဆုံးရှုံးထားရတာပါ။

နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဘာဟီနူကာရာက ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတာ နည်းနည်းတော့ ကြာပါပြီ လူတစ်သိန်းကို ထိုင်းနိုင်ငံရဲ့ ဘေးကင်းရာ ဒေသမှာ နေရာချ ထားပေးလို့ ရပါတယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ဘဲ ဒုက္ခသည်နဲ့ တခြားရွှေ့ပြောင်းနေထိုင်သူတွေကို ခွဲခြားမှုမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နယ်စပ်တလျှောက်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြန်မာနိုင်ငံကလူတွေ ထိုင်း နိုင်ငံထဲကို ယာယီခိုလှုံခဲ့ကြပေမယ့် နယ်စပ်ကိုဖြတ်ပြီး အစုလိုက်အပြုံလိုက်ဝင်လာတာမျိုးမရှိသေးဘူးလို့ ပမ်ပရီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် ထိုင်း-မြန်မာနယ်စပ်ဂိတ်ကို ဖွင့်ထားဆဲဖြစ်ပြီး မဲဆောက်ကနေ မြဝတီကို ကုန်စည်စီးဆင်းမှုတွေ ဆက်ရှိနေဆဲဖြစ်ပေမယ့် ကုန်သွယ်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ပါက ၃၀ ရာခိုင်နှုန်း လျှော့ကျသွားတယ်လို့ သူက ပြောပါသေးတယ်။

နယ်စပ်အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆရီထာဟာ ဧပြီ ၉ ရက်နေ့မှာ အဆင့်မြင့် ထိုင်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို အခြေအနေဆိုးရွာလာမှာကို ဝန်ကြီးချုပ်က စိုးရိမ်နေတယ်လို့ သိရပါတယ်။

ထိုင်းဘက်ကိုရောက်ရှိနေတဲ့ မြန်မာဝန်ထမ်းတွေကိုပြန်ခေါ်ဖို့ လေယာဉ်ဆင်းသက်ခွင့်ပြုဖို့ စစ်ကောင်စီရဲ့ ပန်ကြားချက်ကို မိမိတို့ ခွင့်ပြုထားတယ်လို့ ထိုင်းအစိုးရက ဧပြီ ၈ ရက်နေ့မှာ ပြောကြားထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.