ပြုံယမ်း၊ မတ် ၁၇

မြောက်ကိုရီးယား လေတပ်စစ်ရေး လေ့ကျင့်မှုတွေကို ခေါင်းဆောင် ကျင်ဂျုံအန်က ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး စစ်ပွဲအတွက် လက်တွေ့ကျကျကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြထားပါတယ်။

ဒီသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာပါ။

စစ်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ လက်တွေ့ လေ့ကျင့်မှုတွေ လုပ်မှပဲ စစ်သားတွေဟာ တကယ့် တိုက်ခိုက်ရေးသမားတွေလို ကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်တယ်လို့ ခေါင်းဆောင်ကင်က သူ့ရဲ့တပ်သားတွေကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားစစ်သားတွေရဲ့ အဆင်သင့်ရှိမှုနဲ့ ပတ်သက်ပြီး ကျေနပ်အားရကြောင်းလည်း ကင်ဂျုံအန်က ပြောခဲ့ပြီး ရာသီဥတုအမျိုးမျိုး ပတ်ဝန်းကျင်အမျိုးမျိုးမှာ အပြင်းထန်ဆုံး အခြေအနေတွေမှာ လေ့ကျင့်မှုတွေ ပြုလုပ်ကြဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

တင်းမာမှုတွေအရှိန်လျှော့ချရေး ရည်ရွယ်တဲ့ ၂၀၁၈ ကိုရီးယားနှစ်နိုင်ငံ စစ်ရေးသဘောတူညီမှု ကို မြောက်ကိုရီးယားက ပြီးခဲ့တဲ့ နိုဝင်ဘာလက ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်ခဲ့ကြတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား လေတပ်တို့ဟာ လက်တွေ့ပစ်ခတ်တဲ့ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ ကြတာဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာနေပြီး မြောက်ကိုရီးယားရဲ့ အကြိမ်ကြိမ် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပြစ်တင်ရှုတ်ချခဲ့ ကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.