မြဝတီ၊ မတ် ၁၄

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေ သခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲ စတင်ပြီး ၁ ပတ်အကြာ မတ် ၁၃ ရက်နေ့ မနက်ပိုင်းက သင်္ဃန်းညီနောင် ဝှေ့ရှမ်းကျေးရွာလမ်းခွဲဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲဖြစ်ပွားနေတဲ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ မြဝတီမြို့အနီးက လက်ခတ်တောင်ကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်သွားပြီး မီးလောင်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မနက်အစောပိုင်းက လက်ခတ်တောင်ကုန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လေယာဉ်နဲ့ပါ ဗုံးလာရောက်ကြဲချခဲ့သလို မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာလည်း လေယာဉ်နဲ့ထပ်မံပြီး လာရောက်ကြဲချသွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ခတ်တောင်ကုန်းပေါ်မှာ မီးလောင်တာတွေ ဖြစ်ပေါ်နေပြီး ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ခတ်တောင်ကုန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်ထံကနေ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးပါတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်ဒေသတိုက်ပွဲ ၁ ပတ် ကြာလာတဲ့အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခ မရ ၃၅၅ တပ်ရင်း၊ နယ်မြေရဲစခန်းနဲ့ ဖလူးတပ်စခန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် ရရှိထားပါတယ်။

သင်္ဃန်းညီနောင်ကျေးရွာအတွင်း ကျန်နေသေးတဲ့ စစ်ကောင်စီဗျူဟာကုန်းနဲ့ တပ်ရင်းဌာနချုပ်တွေကို KNLA တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားထပ်မံဖြည့်ဆည်းသလို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.