ကြာအင်းဆိပ်ကြီး ၊ မတ် ၁၃
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသမှာ ပွဲလမ်းသဘင်တွေမလုပ်ဖို့ မွန်ပြည်သစ်ပါတီ စစ်အာ ဏာရှင်တိုက်ဖျက်ရေး NMSP-AD ကနေ အမိန့်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ အမှတ်၁ ဒေသရုံး ၊ ကြာအင်းဆိပ်ကြီးဒေသ မွန်ပြည်သစ်ပါတီ စစ်အာ ဏာရှင်တိုက်ဖျက်ရေး NMSP-AD ကနေ ဒေသတွင်းရှိ ရဟန်းသံဃာ ပြည်သူလူထုနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ လိုက်နာ ဆောင်ရွက်နိုင်ဖို့ အမိန့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။
အမိန့်ကြေညာချက်အရ မတ် ၁၀ ရက်နေ့ကစပြီး ဂီတပွဲတွေ အငြိမ့်ပွဲတွေကို ခွင့်မပြုတော့ဘဲ ပြတ် သားစွာ ပိတ်သိမ်းသွားမှာဖြစ်ပြီး ရဟန်းပြုပွဲ၊ မင်္ဂလာပွဲ၊ ကင်းပွန်းတပ်ပွဲ၊ နတ်ကနားပွဲနဲ့ ဂုဏ်ပြုပွဲတွေကိုတော့ မနက် ၆ နာရီကနေ ည ၈ နာရီအထိသာ အသံချဲ့စက်ဆောင်းဘောင်ဖွင့်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
မွန်လူထုတွေကတော့ မွန်ပြည်သစ်ပါတီ AD ရဲ့ အမိန့်ကြေညာချက်အပေါ် လက်ခံကြတာရှိသလို တချို့ကတော့ မွန်ဒေသတွင်းမှာလည်း ဒီလိုမျိုးအမိန့်တွေ ထုတ်ပြန်သင့်တယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ပြောဆိုနေကြပါတယ်။
ဒေသခံတစ်ဦးက လက်ရှိတိုင်းပြည်မှာ နိုင်ငံရေးမငြိမ်သက်မှုတွေဖြစ်နေတာကြောင့် ပွဲလမ်းသဘင်တွေ မရှိတာကောင်းတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိအနေအထားမှာ ဒါတွေက မလုပ်တာကောင်းတာပေါ့။ ပွဲလမ်းသဘင်မရှိတာတော့ ပိုကောင်းတယ်လို့ မြင်တယ်။ ဘာလို့ဆို တိုင်းပြည်က နိုင်ငံရေးမငြိမ်မသက်ဖြစ်နေတဲ့အခါကျတော့ ဒါတွေမဖြစ်တာ ကောင်းတာပေါ့”လို့ ဆိုပါတယ်။
ရေးမြို့နယ်အတွင်းနေ ဒေသခံတစ်ဦးကလည်း သူတို့မြို့နယ်ဘက်မှာလည်း ပွဲလမ်းသဘင်တွေ ပိတ်ပင်မှုလုပ်ရင်တော့ ထိရောက်မှုရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အမှန်တကယ်တော့ တစ်ခုစဉ်းစားရမှာက ရေးမြို့နယ်ဘက်ခြမ်းမှာ လုပ်ရင်တော့ ထိရောက်မှုရှိတယ်လို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆို နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက် ပိတ်ပင်တာ ကောင်းပါတယ်။ ကျွန်တော်တို့ လက်ခံနိုင်တယ်”လို့ ဆိုပါတယ်။
ရေးမြို့ နယ်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသဖြစ်ပြီး မွန်ပြည်သစ်ပါတီ AD ကလည်း အခုရက်ပိုင်းအတွင်း တပ် ဖွဲ့ဝင် ၁၀၀ ကနေ ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ကြောင်းဟာ ရေးမြို့တစ်နေရာမှာ ဝင်ရောက်လှုပ်ရှားခဲ့သေးတာပါ။
မွန်ပြည်သစ်ပါတီ AD ရဲ့ အမိန့်ကြေညာချက်မှာတော့ အချိန်ကာလဘယ်လောက်အထိ ဘာကြောင့် ပွဲလမ်းသဘင်တွေကို တားဆီးပိတ်ပင်သွားမယ်ဆိုတာ မဖော်ပြထားသလို အမိန့်မလိုက်နာရင် ဘယ်လိုမျိုး အရေးယူမယ်ဆိုတာလည်း ဖော်ပြခြင်းမရှိခဲ့ပါဘူး။
တစ်ဘက်မှာ အမိန့်လိုက်နာရမယ့်သူတွေဟာ ကြာအင်းဆိပ်ကြီးဒေသတွင်းနေသူတွေကို ရည်ညွန်းထားတဲ့အတွက် NMSP-AD ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မွန်ကျေးရွာတွေကို ဆိုလိုပုံရတယ်လို့ ယူ ဆရပါတယ်။
သံလွင်တိုင်းမ်အနေနဲ့ NMSP-AD ရဲ့ အမိန့်ကြေညာချက်နဲ့ပတ်သက်ပြီး ထပ်မံသိရှိနိုင်ဖို့နဲ့ မွန်ဒေသမှာလည်း အလားတူအမိန့်ကြေညာဖို့ ရှိ မရှိ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်ထံ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
မွန်ဒေသခံတစ်ဦးကတော့ လူထုတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုရဲ့ ညွန်ကြားချက်ကို မလိုက်နာရင် လူထုကပဲ အထိနာတာမို့ ဖိအားပေးတဲ့ ပုံစံမျိုးမဟုတ်ဘဲ စည်းရုံးတဲ့ ပုံစံမျိုးနဲ့ သွားရင် ပိုကောင်းတယ်လို့ ထောက်ပြပါတယ်။
“ လူထုဆိုတာကတော့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတစ်ခုခုရဲ့ ညွန်ကြားချက်ကို မလိုက်နာဘူးဆိုရင်တော့ လူထုပဲနာမှာပဲလေ။ ဘယ်ဘက်အဖွဲ့ကဖြစ်ဖြစ် ဒါမလုပ်နဲ့ဆိုရင် မလုပ်တာ အန္တရာယ် ကင်းတာပေါ့။ လူထုမှာ လက်နက်မှမရှိတာ။ လက်နက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုခုက ပြောရင်တော့ နားမထောင်ချင်လည်း နားထောင်ရ မှာပဲလေ။ အဓိကတော့ လူထုကိုဖိအားပေးတဲ့ ပုံစံမျိုးမဟုတ်ဘဲ စည်းရုံးတဲ့ပုံစံမျိုးနဲ့သွားရင် ပိုပြီးတော့ ကောင်းတယ်။ ဒါမလုပ်နဲ့ဒါလုပ်ရင် ဘာဖြစ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်တာထက် စည်းရုံးတာ ပိုပြီးတော့ကောင်းတယ် လို့ ကျွန်တော်တော့မြင်တယ်”လို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူး ပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တာပါ။
မတ်လဆန်းမှာတော့ မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးရွာတချို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည် သူ့စစ်ခေါင်းဆောင်သုံးဦးကိုဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း တစ်လနီးပါးကြာလာတဲ့အထိ NMSP-AD ရဲ့ မွန်ဒေသတွင်းရှိ လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ကျိုက်မရော၊မုဒုံ၊သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ တိုက်ပွဲဖော်ဆောင်တာ မတွေ့ရသေးပါဘူး။
မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေး စစ်ရေးဦးဆောင်အဖွဲ့မှာတော့ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုအဖွဲ့ ခေါင်းဆောင် ၁ နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်းဆောင် ၂ နိုင်လယီဂကောင်းတို့နဲ့အတူ အဖွဲ့ဝင် ၁၂ ဦးအထိ မတ် ၁ ရက်နေ့မှာ ဖွဲ့စည်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ