ကျွန်းစု၊ မတ် ၁၃

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးပူး ပေါင်းတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း-၂ ထံက သိရပါတယ်။

ဂျိုးတောင်ကျေးရွာမှာ အင်အား ၅၀ ဝန်းကျင်နဲ့ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မတ် ၁၁ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မနက်အစောပိုင်းမှ စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲဟာ ညနေ ၆ နာရီခွဲအထိ ပြင်းထန်ခဲ့ပြီး တိုက် ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ် ရေး ပူးပေါင်းစစ်ကြောင်း-၂ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်နေ့လုံးနီးပါး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ (၂)၊ တနင်္သာရီ ကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ ရိုးမအဖွဲ့၊ တိုင်းပကဖလုံခြုံရေး၊ ကျွန်းစုပကဖ၊ ပုလောပကဖ၊ တောင်ပံနီအဖွဲ့နဲ့ ဒရုန်းအဖွဲ့တို့မှ ဦးဆောင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်းစုမြို့နယ်မှာ မတ် ၅ ရက်နေ့ကတည်းကစတင်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် မင်းဂုတ်၊ ရတောင်နဲ့ ဂျိုးတောင်အပါအဝင် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.