မြဝတီ၊ မတ် ၈

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၅၅) ခြေမြန် တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ခမရ ၃၅၅ တပ်ရင်းကို မတ် ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်လောက်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲဟာ ညနေ ၄ နာရီအချိန်အထိ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီဘက်ကလည်း တပ်ရင်းမကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးပါဘူး။

နှစ်ဖက်တိုက်ပွဲကြောင့် သင်္ကန်းညီနောင်ဒေသခံတွေ ဘေးလွတ်ရာနေရာတွေကို နေရပ်စွန့်ခွာထွက် ပြေးနေရပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလည်း လုံးဝရပ်တန့်သွားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ခမရ ၃၅၅ တပ်ကို KNU ဥက္ကဋ္ဌက အပြီး သတ်သိမ်းပိုက်ဖို့ ညွှန်ကြားထားကြောင်းနဲ့ လက်ရှိမှာတော့ KNLA ပူးပေါင်းတပ်တွေ ဘုရားကုန်းအထိ ထိုးဖောက်ဝင်ရောက်နိုင် ပြီလို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်၊ ခမရ ၃၅၆ တပ်နဲ့ ခမရ ၂၇၅ တပ်အပါအဝင် တပ်ရင်း ၃ ရင်းရှိပြီး ခမရ ၃၅၅ တပ်ဟာ စစ်ရေးအရ အရေးပါတဲ့ တပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း မြဝတီဗျူဟာထံ ဗျူဟာမှူးတာဝန်ချိန်းပြောင်းဖို့လာတဲ့ စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရတာကြောင့် စစ်ကောင်စီဗျူဟာမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်အပါအ ဝင် အရာရှိ ၅ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.