ရေး၊ မတ် ၈
မွန်ပြည်နယ် ရေးမြို့နယ်စံပြကျေးရွာအနီး မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်မှာ Mytel ကုမ္ပဏီ အလုပ်သမား ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ မတ် ၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က စံပြကျေးရွာ ကြိုးတံတားအနီးမှာ မိုင်တဲလ်ကေဘယ်လ်ကြိုးတွေ တပ်ဆင်နေတဲ့ အလုပ်သမား ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ Mytel ကုမ္ပဏီ အလုပ်သမားတွေလို့ သိရပေမယ့် ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
Mytel ကုမ္ပဏီ အလုပ်သမားတွေဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
Mytel ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေဟာ အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုကို မကြာခဏခံနေရပြီး နောက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာကြတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်းကာလအတွင်း စစ်တပ်ပိုင် Mytel ကုမ္ပဏီ ဖုန်းတာဝါတိုင်၊ အရောင်းဆိုင်တွေ မကြာခဏဆိုသလို မိုင်းခွဲဖောက်ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်အပါအဝင် ရော်ဘာခြံလုပ်သား ၅ ဦးကို တောင်ညိုစစ်ကြောင်း ဖမ်းဆီးသွားပြီး နောက် ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media