ဘီးလင်း၊ မတ် ၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာအုပ်ချူပ်ရေးမှူးရုံးဟာ ဒီနေ့ မတ် ၇ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကော့ကဒွတ်ကျေးရွာအုပ်ချူပ်ရေးမှူးရုံးကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲလိုက်တာလို့ သိရပါတယ်။
မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အုပ်ချုပ်ရေးမှူးရုံး အမိုးအကာတွေနဲ့ အဆောက်အဦးနံရံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒီဖောက်ခွဲမှုဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ ကော့ကဒွတ်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကို သတိပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ဒေသတော်လှန် ရေးအဖွဲ့တစ်ခုက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီအသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေအရ ပြည်သူတွေအား စစ်မှုထမ်းဖို့ ဆင့်ခေါ်သူတွေကို နောက်ပိုင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် သတ်မှတ်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံး မိုင်းခွဲခံရတာကြောင့် ရုံးအဆောက်အဦးတစ်ခုလုံးနီးပါး ပြိုကျပျက်စီးခဲ့ပြီး ဝန်းထမ်း ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ