မော်လမြိုင်၊ မတ် ၇

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

UNOCHA ရဲ့ မတ် ၅ ရက်နေ့ထုတ် အစီရင်ခံစာအရ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားမှာ လေ ကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဘေးဒဏ်သင့်ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ဖိစီးမှုတွေ တိုးပွားလာနေတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ကလည်း ပြည်နယ်မြို့တော် စစ်တွေနဲ့ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာနေပြီးဖြစ်သလို ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းကစတင်ပြီး စစ်တွေမြို့အခြေစိုက် စစ်တပ်စခန်းတွေကနေ လက်နက်ကြီး တိုးမြှင့်ပစ်ခတ်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ဈေးကြီးအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ၂၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား အရင်ကအလွတ်သဘော အပစ်အခတ်ရပ်စဲရေးဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပျက်ပြယ်ပြီးကတည်းက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွာရသူ ၁၄၈,၅၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းမူအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် လေးသန်းကျော်အထိရှိလာပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးပါဝင်နေတယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.