ဆော – မတ် ၇
မကွေးတိုင်း၊ဆောမြို့နယ် ကျောက်ထုအမြောက်တက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ ကျောက်ထုအမြောက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ အတွက် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးနောက် ကလေးငယ်က သေဆုံးခဲ့ရတာပါ။
“ကလေးလေးကတော့ ဆုံးသွားပြီ။ လက်နက်ကြီးနဲ့ ၇ ချက်လောက်ပစ်ခံရတာ။ အမျိုးသမီးက ပေါင်မှာ ဒဏ်ရာရသွားတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကျောက်ထုအမြောက်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေပစ်ခတ်ခဲ့တဲ့အတွက် ကြံတောရွာနဲ့ ကံကြီးရွာဘက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ ကျေးရွာတွေကို စစ်ကြောင်းမထိုးခင်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ အရင်ဆုံးလုပ်ဆောင်တာတွေရှိတဲ့အတွက် ပြည်သူတွေဟာ စိုးရိမ်မှုတွေရှိနေ တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၂၀ ဝန်းကျင် သေဆုံးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဂန့်ဂေါခရိုင်ကို လူအင်အားနဲ့ လက်နက်အင်အားတွေဖြညန့်တင်းနေပြီး ဂန့်ဂေါမြောက်ခင်ရန်းရွာက ပျူစောထီးတွေကိုလည်း ကလေးမြို့ဘက်ကို ပို့ဆောင်တာတွေရှိနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင့် သေဆုံးသူ ၅ ထောင်နီးပါး အထိရှိလာပြီဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများဆုံး ပါဝင်နေတယ်လို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media