ဆီဆိုင် – မတ် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီက တစ်ရက်အတွင်း ဒရုန်း၊လက်နက်ကြီးတွေနဲ့ အကြိမ် ၁၀၀ နီးပါးအထိပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဆီဆိုင်မြို့မြောက်ဘက်နဲ့ ဆိုက် ခေါင်းစံပြကျေးရွာအခြေစိုက် စစ်ကောင်စီတပ်တွေက ဆီဆိုင်မြို့ပေါ်ကိုပစ်ခတ်မှုတွေပြုလုပ်ခဲ့တာတာပါ။ 

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဆီဆိုင်မြို့နယ်ဆေးရုံအဆောက်အဦးတချို့နဲ့ မြို့တွင်းရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသက ပြည်သူတွေအသုံးပြုနေတဲ့ လမ်းပိုင်းကိုလည်း ဖျက်ဆီးခဲ့သေးတယ်လို့ PNLA က အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြေတူးစက်တွေအသုံးပြုပြီး လမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေ တာဖြစ်တယ်လို့ ဆိုထားတာပါ။ 

စစ်ကောင်စီတပ်ဟာ ကုန်စည်စီးဆင်းမှုကို အကျပ်အတည်းဖြစ်စေဖို့အတွက် အဓိက လမ်းမကြီး တစ်ခုဖြစ်တဲ့ ဟိုပုံးမိုင်းပွန် လမ်းမကြီးကိုလည်း ထင်သလို ဖွင့်လိုက် ပိတ်လိုက်လုပ်နေတဲ့အတွက် ကုန်သည်တွေ အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

မတ်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မဲနယ်တောင်ဒေသကို ဟိုပုံမြို့ဘက်က လက်နက်ကြီးနဲ့ ၁၈ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့သေးတယ်လို့ PNLA က အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.