မော်လမြိုင် – မတ် ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံနေရစဉ် သတင်းထောက်ဟောင်း တစ်ဦးအပါ အဝင်အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်သားတွေရဲ့လူမဆန်စွာ အကြောင်းမဲ့ ပစ်ခတ်သတ် ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို မြန်မာသတင်းမီဒီယာကောင်စီ IPCM က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီ ခမရ ၃၇၈ တပ်ရင်းဆေးခန်းအနီး မှာ လူမဆန်စွာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သလို အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင်ပါဝင်ကျူးလွန် ခဲ့သူတွေရဲ့ ဖွင့်ဟဝန်ခံချက်တွေကို တွေ့မြင်ကြားသိခဲ့ရတဲ့အတွက် များစွာထိတ်လန့်တုန်လှုပ်ခဲ့ ရတယ်လို့ ဆိုထားပါတယ်။

ဒီလုပ်ရပ်ဟာ အရပ်သားပြည်သူတွေကို စစ်ကောင်စီဘက်က လူ့အခွင့်အရေးကျူးလွန်မှုသာ မဟုတ်ဘဲ ရာဇဝတ်မှုမြောက်တဲ့အရာကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေ က သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

“စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြားထဲမှာ သေဆုံးသွားရတဲ့ ဟာက တရားဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကောက်ချက်ချချင်ပါတယ်။ နိုင်ငံကို သေနတ်မိုးပြီး အုတ်ချုပ်နေတဲ့လူတွေက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာက လူ့အခွင့်အရေးချိုး ဖောက်မှုတင်မကဘဲ ရာဇဝတ်မှုမြောက်တဲ့အရာကို ကျူးလွန်လိုက်တာ”လို့သူက ပြောပါတယ်။ 

ဒါ့အပြင် အရပ်သားတွေကိုဖြစ်စေ၊သတင်းမီဒီယာသမားတွေကိုဖြစ်စေ စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်သတ်ဖြတ်နေတာတွေကို စုဆောင်းသွားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဆီကို ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့သူက ပြောပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အပြစ်မဲ့သတင်းသမားတွေအပါအဝင် အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ မတရားဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချတာတွေကို ကျူးလွန်ခဲ့တာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၇၀ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၁၈ ဦးပြန်လည်လွတ်မြောက်လာခဲ့ပြီး ၅၂ ဦးမှာ အကျဉ်းထောင်အသီးသီးမှာ ထောင်ဒဏ်ကျခံနေရဆဲဖြစ်တယ်လို့ IPCM ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ –  AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.