သရက်ချောင်း၊ မတ် ၂

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရောင်းမော်ကျေးရွာမှာ ဒီနေ့ မတ် ၂ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ရောင်းမော်ကျေးရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၅၀ နီးပါး နေထိုင်တဲ့ တပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။

မနက် ၆ နာရအချိန်ကစတင် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း မနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှု အသေးစိတ် မသိရသေးပါဘူး။

နှစ်ဖက်တိုက်ပွဲကြောင့် ကင်းရှေ့၊ စော်ဖျား၊ ရောင်းမော်၊ဆေးဖြတ်ကုန်း၊ ကြာအင်းကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ထားတယ်လို့ တော် လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.