နေပြည်တော် ၊ မတ် ၂

မြန်မာစစ်အုပ်စုရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းမှုဟာ မြန်မာနဲ့ အာဆီယံဒေသတွင်းရဲ့ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့ လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်တာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချက်ချင်းအရေးယူဖို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ နီးပါးက တောင်းဆိုလိုက်ပါတယ်။

အထူးသဖြင့် အခုနှစ်မတ်လမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ရဲ့ ဥက္ကဌဖြစ်လာမယ့် ဂျပန်နိုင်ငံအနေနဲ့ စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေနဲ့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရေး လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ဆီ လွှဲပြောင်းဖို့ ဒါမှမဟုတ် အရေးပေါ် ခုံရုံးတစ်ခု တည်ထောင်ရေး လုပ်ဆောင်ဖို့ ကုလသမဂ္ဂကြေညာစာတမ်းရဲ့ အခန်း ၇ အောက်မှာ စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရေး အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူဖို့ တောင်းဆိုတာပါ။

စစ်အုပ်စုရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းမှုနဲ့ရာဇဝတ်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူတွေအတွက် တရားဝင်ကာကွယ်စောင့်ရှောက်မှုတွေ အမြန်ဆုံး စီမံပေးနိုင်ရေး ပံ့ပိုးကူညီပေးရမယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

လူထုတွေ အကြောက်တရားလွှမ်းမိုးစေဖို့၊ ပြည်သူတွေအချင်းချင်းသတ်ဖြတ်စေဖို့နဲ့ တိုင်းရင်းသားတွေကြား ပဋိပက္ခတွေနဲ့ ဘာသာရေးတင်းမာမှုတွေကို မီးဖိုး‌ပေးဖို့ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ စစ်မှုထမ်းဥပဒေကို အတင်းအကျပ် အကောင်အထည်ဖော်လာတာလို့ ဆိုပါတယ်။

ဒီညှာတာမှုကင်းမဲ့တဲ့ လုပ်ရပ်ဟာ အခုအချိန်မှာ စစ်မှုထမ်းအသစ်တွေကို လူသားဒိုင်းတွေ၊ ပေါ်တာတွေနဲ့ရှေ့တန်းတိုက်ခိုက်ရေးသမားတွေအဖြစ် အသုံးချကာ ပြည်သူတွေအပေါ် ရက်စက်မှုတွေတိုးမြင့်လုပ်ဆောင်ဖို့ တွက်ချက်ထားတဲ့ လုပ်ရပ်အဖြစ် ပေါ်လွင်ထင်ရှားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေးဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာ တောင်းဆိုထားတဲ့နည်းလမ်းပေါင်းစုံနဲ့အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ရမယ်ဆိုတဲ့အချက်နဲ့ လုံးဝ ဆန့်ကျင်နေတာလို့ အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။

ပထမအသုတ်အနေနဲ့ အမျိုးသား ၆၀,၀၀၀ ကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့ အစီအအစဉ်ဟာ အရှေ့တောင်အာရှမှာ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်နေတဲ့ ဆိုးရွားလှတဲ့မတည်ငြိမ်မှုနဲ့လူသားလုံခြုံမှု ကင်းမဲ့နေမှုကို ပိုပြီး ဆိုးရွားလာစေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

စင်စစ်မှာ စစ်အုပ်စုရဲ့ အဓမ္မအသက်သွင်းထားတဲ့စစ်မှုထမ်းဥပဒေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေ နှစ်ခုစလုံး အောက်မှာ ခေတ်သစ်ကျွန်ပြုတာ ဒါမှမဟုတ် အဓမ္မလုပ်အားစေခိုင်းမှု သက်သက်ဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားတာပါ။

မြန်မာစစ်အုပ်စုက သူတို့ရဲ့စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးပြုလာနေတာဖြစ်တဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ တိကျတဲ့အရေးယူဆောင်ရွက်မှု အမြန်ဆုံးပြုလုပ်ဖို့ လိုအပ်နေပြီလို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

မြန်မာနိုင်ငံကပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးကို တည်ဆောက်ဖို့လုံခြုံရေးကောင်စီအနေနဲ့ လုပ်ပိုင်ခွင့်၊ တာဝန်ရှိမှုနဲ့ ချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေအတိုင်း အကောင်အထည်ဖော်ရမယ်လို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.