ကျောက်ကြီး၊ မတ် ၂

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ KNU တပ်စခန်းနှစ်ခု လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဖမ်းဆီးထားတဲ့ အရပ်သား ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး KNU ဗဟိုက ဒီနေ့ မတ် ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျောက်ကြီးမြို့နယ်ရှိ KNU ထီးမိုဂီထာရဲစခန်းနဲ့ကျွန်းတောစခန်းတို့ကို စစ်ကောင်စီတပ်ကနေ ဂျက်ဖိုက်တာ ၆ စင်း၊ Mi-35 ၁ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း KNU က ဖမ်းဆီးချုပ်နှောင်ထားတဲ့ စစ်ကောင်စီထောက်တိုင် အသက် ၄၅ နှစ်အရွယ် ဦးသန်းဇော်ဦးသေဆုံးပြီး အရပ်သားပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA လက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၆ ရက်အတွင်း ကျောက်ကြီးမြို့နယ်ထဲကို လေကြောင်းအပါအဝင် ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃၆ ကြိမ်၊ လက် နက်ကြီး ပစ်ခတ်မှု အကြိမ် ၃၀၀ ထက်မနည်း ကျုးလွန်ခဲ့တယ်လို့ KNU ဆိုပါတယ်။

လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုအတွင်း နေအိမ် ၇ လုံးနဲ့ ဆေးခန်း ၁ လုံး ထိခိုက်ပျက်စီးပြီး နွား ၂ ကောင် သေဆုံးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.