ကျိုက်မရော၊ မတ် ၂

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖုန်းတွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို စစ်ကောင်စီက ထပ်တိုးထောင်ဒဏ် ၆ လစီ ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ကျိုက်မရောထောင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ အထူးရှာဖွေစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၃ ဦးထံကနေ ဖုန်းတွေ့ရှိတယ်ဆိုကာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဖမ်းဆီးရိုက်နက်ပြီး တိုက်ပိတ်ခဲ့တာပါ။

သက်သေမခိုင်လုံဘဲ နိုင်ငံရေးအကျဉ်းသား ၃ ဦး ဖမ်းဆီးရိုက်နက်တိုက်ပိတ်ခံရမှုအပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့ကစတင်ပြီး နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါးက အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အကျဉ်းသားတွေရဲ့ တောင်းဆိုမှု အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ထောင်စည်းကမ်းဖောက်ဖျက်မှုနဲ့ ဖေဖော်ဝါရီ တတိယအပတ်အတွင်း ထပ်တိုးထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့တာပါ။

အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ထပ်တိုးထောင်ဒဏ် ၆ လစီ ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အဲဒီပြစ်ဒဏ်အတွက် ပြစ်ဒဏ်လျော့ပေါ့ခွင့် ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

ကျိုက်မရောထောင်မှာတော့ စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီးနောက် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသားသူ ၄၀၀ ထက်မနည်း ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းများအရေး ကူညီဆောင်ရွက်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.