ရေဖြူ၊ မတ် ၁
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသက CDM ဆရာမတစ်ဦးအပါအဝင် ဒေသခံ ၃ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခိုင်သဇင်ရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် CDM ဆရာမ ဒေါ်မီးမီးဇော်၊ မဂ္ဂင်ရပ်ကွက်နေ PTT ကုမ္ပဏီကားမောင်းနေသူ ကိုနိုင်နဲ့ဇနီးဖြစ်သူ ဒေါ်မေဒေးတို့ကို နေ အိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။
စစ်ကောင်စီတပ်က CDM ကျောင်းဆရာမ ဒေါ်မီးမီးဇော်ဟာ အွန်းလိုင်းကနေ NUG ပညာရေးမှာ စာသင်ပေးတာ၊ ကိုနိုင်တို့လင်မယားနှစ်ဦးဟာ PDF ထောက်ပို့လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။
ဖမ်းဆီးသွားတဲ့သူတွေကိုတော့ စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ်မှာ စစ်ကြောတာတွေ လုပ်ဆောင်နေပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
ကံပေါက်ဒေသမှာ အခုလအတွင်း CDM ကျောင်းဆရာမတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အများစုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတာပါ။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းတဲ့ ကံပေါက်ဒေသမှာ စစ်ကောင်စီတပ်က ညမထွက်အမိန့်တွေအပြင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူ စီးနင်းခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားပြည်သူ ၁၆၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ